တခါတုန်းက သူဆင်းရဲတယောက်ဟာ တောထဲမှာ အလုပ် လုပ်ရင်း တန်ခိုးစွမ်းအင်ရှိသော ပုဂ္ဂိုလ်တဦးကို ကြည်ညိုစိတ်ကြောင့်လှူတန်းမှု ပြုလုပ်ခဲ့တယ်။
ထိုသို့ ပြုလုပ်မှုကြောင့် တန်ခိုးရှင်က သူဆင်းရဲအား "သင့်လိုအင် သုံးခုကို စိတ်ရည်စူးတာနဲ့ ပြည့်ဝစေ" လို့ ဆုပေးလိုက်တယ်။
သူဆင်းရဲလည်း ပျော်ပြီး အိမ်ပြန်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ မှောင်ရီပျိုးလာတော့ ဗိုက်ကလည်း ဆာလာတာပေါ့။
ပထမဆုံး လူဆင်းရဲက တွေးလိုက်တယ်။ အခုချိန် လမ်းမလျှောက်ရပဲ အိမ်ရောက်ရင် ကောင်းမှာပဲ လို့ တွေးမိချိန် မှာသူဟာ အိမ်ရှေ့ကို ရောက်သွားတယ်။
သူ့အိမ်ရှေ့ ရောက်တော့ ဒုတိယအကြိမ် ထပ်တွေးတယ်။ ငါသာ ကြီးကျယ်ခမ်းနားတဲ့ အိမ်တလုံး ပိုင်ဆိုင်ရရင် ကောင်းမှာလို့တွေးမိလိုက်တာနဲ့ သူတဲလေးဟာ ကြီးမားတဲ့ အိမ်အဖြစ် ပြောင်းလဲသွားတယ်။
အိမ်ထဲ ရောက်တော့ ထမင်းဟင်းက အပြည့်နဲ့မို့ စားသုံးလိုက်တယ်။ ပူပြင်းတဲ့ ရာသီဥတုကြောင့် သူဟာ အေးမြမှုကို တောင်းတလာတယ်။
သူဆင်းရဲဟာ တတိယအကြိမ် တွေးမိသွားတယ်။ ငါ့ရဲ့ တဲလေးသာ ဆိုရင် လေလေး တဖြူးဖြူးနဲ့ နေလို့ ကောင်းမှာလို့ တွေးမိလိုက်တယ် ဆိုရင်ပဲ သူဟာ မူလ ဘဝကို ပြန်လည်ရောက်ရှိ သွားတယ်။
သူဆင်းရဲဟာ စိတ်ရဲ့ လိုအင်ကို အလိုလိုက်ရင်းနဲ့ တန်ဖိုးရှိလှတဲ့ အခွင့်အရေးကို ဆုံးရှုံးစေ လိုက်တယ်။
ဘယ်လောက် ကြီးမားတဲ့အခွင့်အရေးတွေ ကိုယ့်ဆီ ရောက်လာပါစေ အချိန်အခါနဲ့ အကျိုးရှိစွာ အသုံးမချတတ်ရင် ရေပေါ် အရုပ်ရေးဆွဲသလို အရာမထင်ဘူးဆိုတာ နားလည် ခံစားမိပါစေ။
အချိန်သည် နောက်ပြန် လှည့်မရသလို အခွင့်အရေးသည်လည်း နှစ်ခါ ပြန်လာခဲသည်။ ဒါကြောင့် ရလာတဲ့ အခွင့်အရေးတိုင်းကို အမိအရ အသုံးချနိုင်ဖို့ လိုပါတယ်။ phoomyatchal
0 Comments