တရက်မှာ ပန်းရောင်းသူ တယောက်ဟာ ဆံပင်ညှပ်ဆိုင်မှာ ဆံပင် သွားညှပ်တယ်။ ဆံပင်ညှပ်ပြီးသွားတော့ သူက ဆံပင်ညှပ်သမားကို ဆံပင်ညှပ်ခ ဘယ်လောက်ကျသလဲ လို့ မေးလိုက်တယ်။
ဆံပင်ညှပ်သမားက "ကျွန်တော် လူမှုကူညီရေးလုပ်ငန်း လုပ်နေပါတယ်။ ဒါကြောင့် ပိုက်ဆံ မယူပါဘူးခင်ဗျာ" လို့ ပြန်ပြောတယ်။ ပန်းရောင်းသူလည်း ပျော်ရွှင်စွာနဲ့ ဆိုင်ထဲက ထွက်သွားတယ်။
နောက်တနေ့မနက် ဆံပင်ညှပ်သမားဟာ ဆိုင်ဖွင့်ဖို့ ရောက်လာတယ်။ တံခါးပေါက် အဝမှာ ကျေးဇူးတင်ပါတယ်လို့ စာရေးထားတဲ့ စက္ကူကတ်ပြား တခုနဲ့ နှင်းဆီပန်း ၁၀ ပွင့် ချထားတာကို တွေ့ရတယ်။
ချိုချဉ်နဲ့ ကိတ်မုန့်ရောင်းသူ တယောက်လည်း အဲဒီ ဆံပင်ညှပ်ဆိုင်မှာ ဆံပင် သွားညှပ်တယ်။ ဆံပင်ညှပ် ပြီးသွားတော့ ဆံပင်ညှပ်သမားက အရင်လူကို ပြောသလိုပဲ လူမှုကူညီရေး လုပ်နေလို့ ဆံပင်ညှပ်ခ မယူဘူးလို့ ပြောလိုက်တယ်။
နောက်တနေ့မနက် ဆံပင်ညှပ်သမားဟာ ဆိုင်ဖွင့်ဖို့ ရောက်လာတယ်။ တံခါးပေါက် အဝမှာ ကျေးဇူးတင်ပါတယ်လို့ စာရေးထားတဲ့ စက္ကူကတ်ပြား တခုနဲ့ ကိတ်မုန့် ၁၀ လုံး ချထားတာကို တွေ့ရတယ်။
မကြာခင် ကွန်ပျူတာအင်ဂျင်နီယာ တယောက်ဟာ အဲဒီဆိုင်မှာ ဆံပင် သွားညှပ်တယ်။ ဆံပင်ညှပ်ပြီးသွားတော့ ဆံပင်ညှပ်သမားက အရင်လူကို ပြောသလို လူမှုကူညီရေး လုပ်နေလို့ ဆံပင်ညှပ်ခ မယူဘူးလို့ ပြောလိုက်တယ်။
နောက်နေ့မနက် ဆံပင်ညှပ်သမားဟာ ဆိုင်ဖွင့်ဖို့ ရောက်လာတယ်။ ဒီတခါ သူ ဆိုင်တံခါးပေါက်မှာ ဘာတွေ့သလဲ။ စဉ်းစားကြည့်ပါဦး။
ကွန်ပျူတာအင်ဂျင်နီယာ ၁၀ ယောက်ဟာ ဆိုင်ဝမှာ ရပ်စောင့်နေ ကြတယ်။ သူတို့ဟာ လက်ထဲမှာ ဆံပင်ညှပ်ဆိုင်က ဆံပင်အလကား ညှပ်ပေးတယ်ဆိုတဲ့ အီးမေးစာရွက်တွေ ကိုယ်စီ ကိုင်ထားကြ ပါတယ်။
ဒီပုံပြင်လေးဟာ လောကမှာ လူနှစ်မျိုး ရှိကြတယ်ဆိုတာ ဖော်ပြပေးတယ်။ တမျိုးက ကူညီတာကို အသိအမှတ် ပြုပြီး တုံ့ပြန်ကျေးဇူးဆပ်တယ်။
နောက်တမျိုးက ကူညီတာကို အခွင့်အရေးလို့ မှတ်ယူပြီး အမြတ်ထုတ်တယ်။ မိတ်ဆွေကရော၊ ဘယ်လူစားမျိုးထဲ ပါသလဲ။ ဗန်းမော်သိန်းဖေ
0 Comments