မစင်စားကြသူများ

တခါက ဘုရင်တပါး ရှိတယ်တဲ့။ အဲဒီဘုရင်ကြီးမှာ လှပတဲ့ သမီးတော် တပါး ရှိတယ်။ အဲဒီဘုရင်ကြီးက ကျန်တဲ့ သားသမီး မထွန်းကားဘူးတဲ့။

ဒီတော့ ဘုရင်က အနာဂတ်ကို ကြိုပြီး စဉ်းစားတယ်။ သမီးလေးကို ယောကျ်ား ပေးစားချင်တယ်။ ဘုရင်ဆိုတာ ပိုက်ဆံရှိပြီးသား။ စည်းစိမ် ရှိပြီးသား။

ဒီတော့ သူက သူ့သမီးနဲ့ ပေးစားမယ့် ယောကျ်ား သူ့သမက်ကို သူဌေးမလိုချင်ဘူး။ ပညာရှိပဲ လိုချင်တယ်။ အဲဒီတော့ ပညာရှိကို ရှာမယ် ဆိုပြီး သူ့မှာ စိတ်ကူးရှိတဲ့ အတိုင်း မောင်းကြေးနန်း လည်ခတ်စေသတဲ့။ မောင်းကြေးနန်း လည်ခတ်စေတဲ့ အခါပြောတဲ့စကားက သိပ်ဆန်းကျယ်တာပဲ။

"အမိန်တော် ပါတယ် အားလုံးနားထောင်ကြ။ ဘုရင်ကြီး၏ သမီးတော်သည် သက်တော် (၁၈) နှစ် ပြည့်ပြီ ဖြစ်သောကြောင့် ဘုရင်ကြီး၏ သမီးတော်အတွက် လက်ဆက်မည့် သတိုးသားလောင်းအား ရှာဖွေလိုသဖြင့် စာချွန်တော်အား အားလုံးနားထောင်ကြ။ ချီး၏ အရသာကို သိသူ လုလင်ပျိုနဲ့ ဘုရင်ကြီး၏ သမီးတော်နဲ့ ပေးစားမည် ဖြစ်ကြောင့် မှတ်စေ"

ချီး၏ အရသာကို သိရမှာတဲ့။ အဲဒီတော့ ဘုရင့်ရဲ့ သမက်လည်း ဖြစ်မယ်၊ သူဌေးလည်း ဖြစ်မယ်။ အချိန်တန်ရင် ဘုရင်လည်း ဖြစ်မယ် ဆိုတော့ လုလင်ပျိုတွေက ချီးကို လျှာနဲ့ ယက်ကြသတဲ့ဗျာ။

သတ်မှတ်ထားတဲ့ ရက်နှစ်ပါတ်လည်း ပြည့်ရော ကွင်းကြီးလေးကွင်းစာလောက်မှာ ချီးစားဖူးတဲ့ လုလင်ပျိုတွေ တပုံတထောင်ကြီး ပဲတဲ့။

အဲဒီတော့ ဘုရင်ကြီးက အဲဒီ ချီးစားဖူးတဲ့ လုလင်တွေကို တယောက်ချင်းစီ အင်တာဗျူး လုပ်တယ်။ တယောက်က လက်အုပ်ချီ ဝင်လာတယ်။

"မှန်လှပါ အရှင်ဘုရား. ချီးဟာ ချဉ်တဲ့ အရသာ ရှိပါတယ် ဘုရား"

ဘုရင်က "ဟေ့ကောင် မင်းဘာကြောင့် သိတာလဲ"

"တပည့်တော် စမ်းသပ် စားသောက်ပြီးမှ လာပြောတာပါ အရှင်ဘုရား"

ဘေးနားလေးက သမီးတော်က "အော့ အွပ်" ဖြစ်နေပြီ။ နောက်ထပ် လာဖြေကြပြန်တယ်။

"ချီးက စပ်ပါတယ် ဘုရား၊ ချီးက ငံပါတယ်ဘုရား၊ ချီးက ချဉ်ပါတယ် ဘုရား၊ ချီးက ချိုပါတယ် ဘုရား၊ ချီးက ခါးပါတယ် ဘုရား" လို့ အရသာ အမျိုးမျိုး ပြောကြတာ ဘုရင်ကြီးလည်း မူးသွားတယ်။

"အော် ငါ့သားမတ်တွေ အကုန် ချီးစားဖူးတဲ့ ကောင်တွေကြီးပဲ။ အေးလေ ချီးအရသာ သိချင်ကြတာကိုး"

လူပေါင်း ၈ ထောင် ၉ ထောင် တသောင်းလောက်က ချီးစားဖူးတဲ့ လူတွေကြီးပဲ။ ဘုရင့်သမီးတော် အပျိုချောချောလေးက ဒီလို ချီးစားဖူးတဲ့ အကောင်နဲ့ လက်ထပ်ရမယ့် အပျိုချောချောလေး နေရာ ကိုယ်ချင်းသာ စာကြည့်ကြပေတော့။

အဲဒီအချိန်မှာ နောက်ဆုံး လူငယ်လေးတယောက်က လက်အုပ်ချီ ဝင်လာတယ်။ "မှန်လှပါ အရှင်ဘုရား တကယ်တော့ ချီးဟာ အရသာ အမျိုးမျိုးရှိပါတယ် ဘုရား။ ချီးဟာ လတ်လတ်ဆတ်ဆတ် အခြေအနေမှာ ချဉ်သော ချိုသော အရသာ ရှိပါတယ်။ ချီးဟာ ခြောက်သွေ့သွားတဲ့ အချိန်မှာ ခါးသက်သော အရသာ ရှိပါတယ် ဘုရား"

"မောင်မင်း မင်းဘယ်လိုလုပ် သိတုန်း" လို့ ဘုရင်မေးတော့ လူငယ်က

"တပည့်တော် စားသုံးခြင်းဖြင့် သိခြင်းမဟုတ်ပါ။ စာဖတ်ခြင်းဖြင့် သိခြင်း ဖြစ်ပါတယ် ဘုရား"

"မောင်မင်း မင်းငါ့ကို သေချာရှင်းစမ်း။ ရှေ့ကကောင်တွေ အကုန်လုံး ချီးစားပြီးမှ သိတယ်။ မင်းက ဘယ်လိုလုပ် သိတုန်း"

"ဒီကိစ္စ မခက်ပါဘူး ဘုရား။ အရှင်ဘုရားကြီးပဲ စဉ်းစားကြည့်ပါ။ လတ်လတ်ဆတ်ဆတ်ချီးကို ယင်ကောင်တွေပဲ အုံလေ့ အုံထ ရှိပါတယ်။ ယင်ကောင်တွေဟာ သရက်သီးလို ချိုတဲ့ ချဉ်တဲ့ အသီးအနှံတွေ ပေါ်မှာ အုံလေ့အုံထ ရှိတာကြောင့် လတ်ဆတ်သော ချီးပေါ်မှာ ယင်ကောင်များ အုံလေ့အုံထ ရှိတာကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ချီးသည် ချိုသော ချဉ်သော အရသာ ရှိကြောင်းကို တထစ်ကျ မှတ်ယူလို့ ရပါတယ် ဘုရား"

ဘုရင်ကြီး ပြုံးသွားတယ်။ လူငယ်လေးက ဆက်ပြီး "မှန်လှပါ ဘုရား ချီးဟာ ခြောက်သွေ့သွားပြီ ဆိုရင်ဖြင့် ကင်းလိပ်ချောတို့၊ ပိုးဟပ်တို့ အစရှိတဲ့ အင်းဆက်ပိုးတွေ တွားသွား သတ္တဝါတွေဟာ စားသုံးလေ့ စားသုံးထ ရှိပါတယ်။ ဒါကြောင့် ချီးဟာ ခြောက်သွေ့ သွားသောအခါ ခါးသက်သော အရသာ ရှိကြောင်းပါ ဘုရား"

ဘုရင်ကြီးလည်း ပြုံးတော်မူပြီးတော့ အဲဒီ ပညာရှိလေးနဲ့ ပေးစားလိုက်တယ်။ ဒါဟာ ဘာလဲ။ စာကို ချစ်လို့ပေါ့။ ကျွန်တော် တခု ပြောချင်တယ်ဗျာ စာမဖတ်ရင် ချီးစားရမယ် ဒါပါပဲ။ လူငယ်တွေ စာဖတ်ပါ ချီးမစားစေချင်လို့ပါ။ လူကြီးတွေက စာမဖတ်ကြဘူး ဆိုတော့ ချီးစားရင် စားပါစေ။ Crd

Post a Comment

0 Comments