ဗီဇမပျောက်တဲ့ ယောက်ျား

ချစ်သူဘဝထဲက ဆဲတတ်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစုကို ဆဲပါလိမ့်မယ်။ ချစ်သူဘဝထဲက အရက်သောက်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစုရှေ့ ဆက်သောက်နေ မှာပါပဲ။

ချစ်သူဘဝထဲက လောင်းကစား တပ်မက်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစု စီးပွားရေး ထိခိုက်တဲ့အထိ ပြုလုပ်နေမှာပါပဲ။ ချစ်သူ ဘဝထဲက မူးယစ်ဆေး သုံးစွဲတတ်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့အခါ ဆက်ပြီး သုံးစွဲနေမှာပါပဲ။

ချစ်သူဘဝထဲက ဖောက်ပြန်တတ်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့အခါ ဖောက်ပြန်မှုကို သိအောင်တမျိုး မသိအောင် တမျိုး ကျူးလွန်နေမှာ ပါပဲ။

ငါ့ကိုချစ်ရင် သူပြုပြင်မှာပါလို့ မတွေးပါနဲ့။ မင်းကိုရရင် ငါပြုပြင်ပါ့မယ် ဆိုလည်း မယုံပါနဲ့။ ပြောင်းလဲပြတယ် ဆိုလည်း ခဏပါပဲ။ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို တချိန်ချိန် ပင်ကိုယ်ဗီဇ ပြလာပါလိမ့်မယ်။

ယောက်ျားတယောက်ကို ချစ်လို့ ရပါတယ်။ အချစ်တွေ ဖုံးပြီး အပြစ်တွေ မမြင်သူ မဖြစ်ကြဖို့သာ လိုပါတယ်။ ဘဝအတွက် လက်တွဲဖော် ရွေးချယ်မှု မှားရင် ဒူးနဲ့မျက်ရည် သုတ်နေကြရမှာ မိန်းကလေးတွေ ပါပဲ။

အိမ်ထောင်တခု တည်ထောင်တယ် ဆိုတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နဲကြပါတယ်။ အချစ်တဲ့စိတ်ပဲ ဦးစားမပေးဘဲ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ဆုံးဖြတ်တတ်မှသာ ရေရှည် အောင်မြင်တဲ့ အိမ်ထောင်ရေးတခု ဖြစ်မှာပါ။

တဦးတဖက်တည်း ကောင်းနေရုံနဲ့ မရပါဘူး။ လင်ဆိုးမယား တဖားဖား ဆိုသလို ဒုက္ခမျိုးစုံကို ဒူးနဲ့ မျက်ရည်သုတ် ခံစားတတ်ကြရသလို မိသားစုကြား ပတ်ဝန်းကျင် ကြားမှာ မျက်နှာငယ်စွာ ရပ်တည်ကြရပါတယ်။

သားဆိုးအမေ တပေပေ ဆိုသလို လင်နဲ့ ကွဲသွားပေမဲ့ ဗီဇညံ့တဲ့ ယောက်ျားနဲ့ ရတဲ့ ရင်သွေးဟာ ထိုသူရဲ့ အကျင့်စရိုက် အနည်း အများ ပါနေတတ်ကြလို့ ဒါကို ပြုပြင် ပေးရင်း စိတ်မောလူမော ဖြစ်တတ်ကြပါတယ်။ ဒါဟာ အေးဒမြ ဆိုးတခုပါပဲ။

ဒါကြောင့် အိမ်ထောင်ရေးကို ကိုရီးယားဇာတ်လမ်းတွဲ တွေလို မြန်မာကားတွေလို သီချင်းတွေလို စိတ်ကူးယဉ်လို့ မရပါဘူး။ လက်တွေ့ဘဝမှာ မသေမချင်း လျှောက်ကြရမှာပါ။

လိမ်နေတဲ့ အရာတိုင်းက လှနေတတ်တယ်။ လူတယောက်ရဲ့ ဗီဇစိတ်ဆိုတာ အပင်တပင် အမြစ်တွယ် ရှင်သန် နေသလို ပါပဲ၊ သေမှ ပျောက်ကြတာပါ။

ဘယ်သူမပြု မိမိမှု ဆိုသလို ကံကိုယုံပြီး ဆူးပုံချနင်းမယ် ဆိုရင်တော့ ကိုယ်ကြိုက်တာ ကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံ ဆိုသလို မသေမချင်း ဘဝကို အမောတွေနဲ့သာ ဖြတ်ကျော်ရမယ် ဆိုတာပါပဲ။ Crd

Post a Comment

0 Comments