တခါတုန်းက ကြက်သတ်သမား တယောက်မှာ ကြက်ခြင်းကြီး အကြီးကြီးတခု ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တကောင်ချင်း အသက်ရှူရ ခက်လောက်အောင် ဖြစ်ကြတယ်။
အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရ ကျပ်တဲ့အခါ၊ အပေါ်က ကြက်တွေကို ထိုးဆိတ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူ ကြရတယ်။
ဒီကြားထဲ ကြက်တွေ အားလုံးက မဝရေစာသာ စားထားကြရတယ်။ အဲ့ဒီအတွက်လည်း မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီ ရှိကြတယ်။
အဲဒီလို တကောင် ခန္ဓာကိုယ်ကို တကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြ ပြန်ရော။ ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။
အဲဒီအချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တကောင်ချင်းစီကို နှိုက်၊ လည်ပင်းကနေ ကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေး ဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ် သတ်တာမို့ စင်လာတဲ့ သွေးစသွေးန တွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေ ကြတယ်။
ခဏနေ တကောင်ထုတ် သတ်လိုက်၊ နောက်ခဏနေ နောက်တကောင် ထုတ်၊ သတ်လိုက်နဲ့။ ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီး ကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တကောင် လျော့သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။
"ငါတို့ကို ထိုးနေ ဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူ ချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ" ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။
ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။
အဲဒီလိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲဒီအခါ တကောင်နဲ့ တကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူ မဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ ကောင်တွေလည်း မရှိတော့ဘူး။
အတင်းကာရော အတိုက်ခံ လုယက်နေကြတဲ့ ကြက်မတွေလည်း မရှိတော့သလို၊ မွှန်ထူ လိုက်နေကြတဲ့ ကြက်ထီး ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။
ဒီရုရှားပုံပြင်ရဲ့ အမည်က "လောက" ဖြစ်ပါတယ်။ လောကဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက လောကအတွင်းမှာ ရှိရှိသမျှ အရာအားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော် နေကြတယ်။
ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တခုပြီး တခု၊ တကောင်ပြီး တကောင် သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံ နေကြရတယ်။
ဒါကိုပဲ လည်စင်း မခံရသေးတဲ့ ကြက်တွေ၊ အလှည့် မရောက်သေးတဲ့ ကျန်သူတွေက တဦးနဲ့ တဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့ အရာတွေ တခုပြီး တခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။
တနေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာ ပါလိမ့်မယ်။ တဦးနဲ့ တဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက်သာ ကွာခြားလိမ့်မယ်။
ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲဒီအချိန် မတိုင်ခင်ကြား မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီး ခံရဖို့၊ မိမိလိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊ ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။
မိမိမျက်စိရှေ့မှောက် သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်း ရောက်သွားကြတော့တာပဲ။ Crd
0 Comments