ဟိုးရှေးရှေးတုန်း ကပေါ့။ ငှက်တွေရဲ့ ဘုရင်ကြီး ဖြစ်တဲ့ နတ်ငှက်ဟာ ငှက်တွေ ကျင်လည် ကျက်စားတဲ့ တောတောင် အနှံ့မှာ ကျေညာချက် တခုကို ထုတ်ပြန် ပါသတဲ့။
"ဒီနှစ် နွေဦး ရောက်ရင် ငှက်အလှပြိုင်ပွဲ တခုကို ကြီးကြီးကျယ်ကျယ် ကျင်းပပေးမယ်။ အလှဆုံး ငှက်ကို ငှက်တကာ အလှဆုံး ဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်တော် မူမယ်"
အဲဒီ သတင်းလည်း ကြားရော ရှိရှိသမျှ ငှက်တွေဟာ သူတို့ရဲ့ အမွှေး၊ အတောင်တွေကို အလှပဆုံး ဖြစ်အောင် ပြင်ဆင်နေကြတာ တတောလုံး ပွက်လောရိုက် ဆူညံနေ ပါသတဲ့။ ပြိုင်ပွဲ ကျင်းပမယ့် နွေဦးရာသီကို ရောက်တော့ အနယ်နယ် အရပ်ရပ်က ငှက်တွေ စုဝေးပြီး ရောက်ရှိ လာကြပါတယ်။
ပိုးသား ကတ္တီပါလို နက်ပြောင် ချောမွေ့ နေတဲ့ အမွှေးအတောင်တွေနဲ့ မကျီးကန်း၊ နှင်းပွင့်လို ဖွေးဖွေး ဖြူနေတဲ့ တောင်ပံနဲ့ လှပနေတဲ့ မစင်ရော်၊ ရွှေရောင် အဆင်းနဲ့ လှပနေတဲ့ စာဘုန်းကြီး၊ မျက်စိ ကျိန်းမတတ် ရောင်စဉ်တွေ ဖြာသန်းနေတဲ့ မဒေါင်း သူတို့ အားလုံးဟာ ပြိုင်ပွဲဝင်ဖို့ တက်တက် ကြွကြွနဲ့ ရောက်လာကြ ပါတယ်။
ငှက်ဘုရင်ကြီးက ဘယ်ငှက် အလှဆုံးလဲလို့ အပြန်ပြန် အလှန်လှန် သုံးသပ်တယ်။ အတိုင်ပင်ခံ ငှက်မူးမတ်တို့နဲ့ အကဲဖြတ်စေတယ်။
နောက်ဆုံးမှာတော့ ငှက်တကာတို့ရဲ့ အလှဆုံးလို့ ကမ္ဗည်း ရေးထိုးထားတဲ့ ရွှေတံဆိပ် ဆုကြီးကို မဒေါင်းရဲ့ လည်ပင်းမှာ ချိတ်ဆွဲ ပေးလိုက် ပါတယ်။
ငှက်တွေ အားလုံးကလည်း ကန့်ကွက်သူမရှိ တောင်ပံတွေ ခတ်ပြီး လက်ခုပ်တီးကာ သြဘာ ပေးကြ ပါသတဲ့။ ဒီလိုနဲ့ ပြိုင်ပွဲကြီး ပြီးလို့ ရွှေတံဆိပ် ဆုရှင် မဒေါင်းလည်း ပြန်တော့မယ် ပြင်တော့ အခြား ငှက်တွေက သူ့အနားကို ဝိုင်းအုံ လာကြ ပါသတဲ့။
"ရှင့်ရဲ့ တောင်ပံတွေက တကယ်ပဲ လှပါတယ်။ ကျွန်မ ညီမတွေကို ပြဖို့ တောင်ပံတွေ နည်းနည်းလောက် ပေးလိုက် ပါလားရှင်" စာကလေးငှက် တစ်ကောင်က အဲဒီလို ပြောပြီး တောင်ပံ တစ်ခု ဆွဲနှုတ်ပြီး ထွက်သွားပါ သတဲ့။
"အလှဆုံး ငှက်ဘွဲ့ ရသင့် ပါပေတယ် ရှင်။ မဒေါင်းရဲ့ တောင်ပံတွေဟာ ဆိုဖွယ်ရာ မရှိအောင် လှပါပေရဲ့။ ကျုပ်အိမ်သား တွေ ရင်သပ်ရှုမော ရအောင်လို့ နည်းနည်းလောက် နှုတ်သွား ပါရစေ" မိုးစွေငှက်လေး တကောင်က ပြောပြော ဆိုဆို အတောင် တချို့ကို ဆွဲနှုတ် သွားပြန် ပါတယ်။
သစ်တောက်ငှက်၊ ကျီးကန်း၊ ပျံလွှားတို့ကလည်း ချီးမွှန်းစကား အသီးသီး ပြောပြီး အမှတ်တရအနေနဲ့ အမွှေးအတောင် တချို့ကို တောင်းယူ သွားကြ ပြန်ပါတယ်။
ဒီလိုနဲ့ပဲ ဟိုငှက်က လာလိုက် တချောင်း နှစ်ချောင်း၊ ဒီငှက်က လာလိုက် တချောင်း နှစ်ချောင်းနဲ့ နောက်ဆုံးမှာတော့ မဒေါင်း ခမျာမှာ အတောင်ပံလေး တချောင်းနဲ့ ကျိုးတို့ ကျဲတဲ ကျန်ခဲ့ ပါလေရော။
ဆောင်းရာသီ ရောက်လာတော့ အမွှေးအတောင် မစုံလင်တဲ့ မဒေါင်းဟာ သစ်ပင်ခြေရင်းမှာ ခိုပြီး ခိုက်ခိုက်တုန်အောင် ချမ်းနေ ရှာပါတယ်။
အမွှေးအတောင်တွေ ပြန်ရှည်လာဖို့က တော်တော်ကြာကြာ စောင့်ရဦးမှာ ဆိုတော့ ဆောင်းရာသီ တခုလုံး အအေး ဒဏ်ကို ကြိတ်မှိတ် ခံနေရ ရှာတာပေါ့ရှင်။
မဒေါင်း အဲဒီလို ဖြစ်နေတာကို မြင်မိတဲ့ ငှက်ဘုရင်ကြီးက တအံ့တသြ နဲ့ မေးလိုက် ပါတယ်။ "ဟာ ငှက်တကာ တို့ရဲ့ အလှဆုံးသော ငှက်ဘွဲ့ ရထားတဲ့ မယ်မင်းက ဘယ့်နှယ်ကြောင့် အမွှေး ရိပ်ထားတဲ့ ကြက်မလို ဖြစ်နေရ တာလဲ"
အဲဒီတော့မှ မဒေါင်းက စိတ်ပျက်လက်ပျက်နဲ့ ညည်းညူပြီး ပြန်ပြော လိုက်ပါတယ်။ "မှန်လှပါ အလှဆုံး ဖြစ်မှ ဘဝ တုံးရခြင်း ဟာ အလှကြိုက်သူ ငှက်တွေကြောင့်ပါ ဘုရား" လို့။ Crd
0 Comments