ဘဝမကူးသော ဝဋ်

တခါက အလွန် ကြမ်းတမ်းရက်စက်သော ဘုရင်တပါးရှိရာ တိုင်းသူပြည်သားများနှင့် မှူးကြီးမတ်ကြီးများက မနှစ်သက်ကြ သော်လည်း ကြောက်ရွံ့သောကြောင့် ပြန်လှန် ပြောဆိုရန် မရဲကြပေ။ ထိုအထဲတွင် စိတ်ထားမကောင်းသော အမတ်ကြီး တပါးလည်း ပါဝင်သည်။

တနေ့သော် ဘုရင်ကြီးက တတိုင်းပြည်လုံးကို အံ့ဩသွားစေနိုင်မည့် အမိန့်တခုကို ထုတ်ပြန်လိုက်သည်။ "ငါ၏ တိုင်းပြည် တဝှမ်းတွင် မည်သည့် ကြမ်းတမ်းရက်စက်ခြင်း၊ တရား မမျှတခြင်း မရှိစေရ" ဟူ၍ဖြစ်သည်။

ဤအမိန့် ထုတ်ပြီးကတည်းက ရှင်ဘုရင်ကြီး ကိုယ်တိုင်လည်း သူ၏စကားအတိုင်း တိုင်းပြည်ကို မေတ္တာ အပြည့်အဝထားပြီး တော်တည့် မှန်ကန်စွာ အုပ်ချုပ်သဖြင့် နဂိုက တင်ရှိခဲ့သည် နာမည်ဆိုးပင် ပျောက်ကွယ်သွားပြီး သူ့ကို အလွန် နူးညံ့သိမ်မွေ့သော ရှင်ဘုရင်ကြီးဟု ပြောင်းလဲ ခေါ်ဝေါ်လာကြ အထိပင် ဖြစ်သည်။

လအနည်း ကြာသောအခါ ရှင်ဘုရင်ကြီးအား မလိုမုန်းထား ပိုဖြစ်လာပြီး၊ ဩဇာညောင်းသော မင်းသားတပါးကို ထီးနန်း အပ်လိုသော အမတ်ကြီးက အခြားသူများ မရှိသော အချိန်တွင် တိတ်တဆိတ် ရှေ့တော်သို့ လာရောက် ခစားသည်။

"အရှင်မင်ကြီး၊ စိတ်အနှောက်အယှက် မဖြစ်ရင် တခု မေးချင်ပါတယ်"

"မေးစေ"

"အရှင်မင်းကြီး ယခုကဲ့သို့ အဘယ်ကြောင့် ချက်ချင်းကြီး ပြောင်းလဲသွားသလဲ ဆိုတာကို သိချင်ပါတယ်"

"ဒါက ဒီလိုပါ။ ငါ တနေ့ အရပ်သား အသွင်နဲ့ အမဲလိုက်တုံး ငါနဲ့အတူ ပါလာတဲ့ အမဲလိုက်ခွေးက ယုန်လေးတကောင်ကို လိုက်ဆွဲတာ ယုန်ရဲ့ ခြေထောက် တဖက်ကို ကိုက်မိတယ်။ ဒါပေမဲ့ ယုန်လေးက ကံကောင်းလို့ ကျောက်တုံး နှစ်ခုကြားထဲ ဝင်ပြီး လွတ်မြောက် သွားတယ်။

ငါတို့ ရွာထဲရောက်တော့ ခုနက အမဲလိုက်ခွေးက ရွာသား တယောက်ကို သဲသဲမဲမဲ သွားဟောင်တော့ ကျောက်တုံးကြီးနဲ့ ပစ်ပေါက်ခံရတာ ခွေးရဲ့ခြေထောက် တော်တော် နာသွားပုံ ရတယ်၊ မထနိုင်တော့ဘူး။

မကြာပါဘူး အဲဒီခွေးကို ခဲနဲ့ ပေါက်ခဲ့တဲ့ ရွားသားလည်း ရှေ့နည်းနည်းဘဲ လျှောက်သွားရ သေးတယ် လမ်းဘေးမှာ ရှိတဲ့ မြင်းတကောင်က ကန်လိုက်တာ သူ့ရဲ့ ဒူးတဖက် ဒဏ်ရာရသွားလို့ မြေကြီးပေါ် ခွေကနဲ ထိုင်ကျ သွားတယ်။

မြင်းလည်း သူကန်လိုက်တာကြောင့် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို လန့်ပြီး ဟိုပြေးဒီပြေး ပြေးရာက ခြေထောက် တဖက်ဟာ ချိုင့်ခွက့်တခုထဲ ကျသွားလို့ အနာတရ ဖြစ်ပြီး ပြန်မထနိုင် တော့ဘူး။

အဲဒါတွေ အားလုံးဟာ မကောင်းမှု တခုကြောင့် ဆက်တိုက် ဖြစ်လာတဲ့ မကောင်းမှု သံသရာတွေ ပါဘဲ။ ဒါကြောင့် ငါလည်း ပြောင်းလဲဘို့ ဆုံးဖြတ် လိုက်တာပါ"

ရှင်ဘုရင်၏ စကားကို ကြားရသော အမတ်ကြီးမှာ လောဘဇော ဖုံးလွှမ်းနေ၍ ကောင်းသော စိတ်နှလုံးကို ရရှိရမည့် အစား ဤအချိန်တွင် ရှင်ဘုရင်ကြီး၏ စိတ်နှလုံး ပျော့ပြောင်းသည်ကို ငါသေချာစွာ သိရပေပြီ။ ရှင်ဘုရင်နှင့် ငါ နှစ်ဦးတည်း ရှိနေသော ဤအချိန်ကို လုံးဝ လက်လွတ် မခံနိုင်။

ထိုကြောင့် ယခုပင် ဘုရင်ကြီးကို လုပ်ကြံတော့မည် ဟူသော စိတ်ယုတ်ဖြင့် တဟုန်ထိုး ရှေ့တိုးလာရာ လှေကားထစ်ကို မမြင်လိုက်၍ ခလုတ်တိုက် မှောက်လဲကျပြီး မိမိ၏ လက်နက်ဖြင့် မိမိကို ပြန်ထိုးမိလေ တော့သည်။ Crd

Post a Comment

0 Comments