ပူဖောင်းလေးတွေက ပွဲတွေမှာ အလှဆင်တဲ့အခါ အရမ်းကို လှပစေပါတယ်။ အာကာသလေ့လာရေးတွေမှာ ဟီလီယမ်ဓာတ်ငွေ့ကို အသုံးပြုထားတဲ့ပူဖောင်းလေးတွေကို အသုံးပြုကြပါတယ်။

ဒါ့အပြင် ပူဖောင်းလေးတွေက လမ်းလျှောက်တတ်စက ကလေးအရွယ်တွေအတွက်လည်း အများကြီး အကျိုးရှိစေပါတယ်။

နေ့စဉ်လုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက် လှုပ်ရှားနိုင်မှုစွမ်းရည်က မဖြစ်မနေလိုအပ်ပါတယ်။ ကလေးတွေအတွက်လည်း စိတ်ရောခန္ဓာကိုယ်ရော ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လှုပ်ရှားမှုစွမ်းရည်က အရေးပါပါတယ်။

ငယ်စဉ်ကတည်းက ခန္ဓာကိုယ်လှုပ်ရှားမှုစွမ်းရည်က ကောင်းစွာ မဖွံ့ဖြိုးခဲ့ရင် အသက်ကြီးလာတဲ့အခါမှာ ဆိုးကျိုးတွေ များစွာ ခံစားရနိုင်ပါတယ်။

ကြွက်သားတွေက ကောင်းကောင်းမဖွံ့ဖြိုးတဲ့အခါ၊ နေ့စဉ်သုံးပစ္စည်းတွေကို ကိုင်တွယ်တုံ့ပြန်ချိန်မှာ ခက်ခဲနေတဲ့အခါ ကျောင်းစာလေ့လာမှုကိုပါ ဆိုးကျိုးသက်ရောက်လာစေပါတယ်။ အဲဒီကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပါ လျော့ကျလာစေပါတယ်။

ကလေးတွေကို ပူဖောင်းလေးတွေနဲ့ ပေးဆော့တာက အများကြီးအကျိုးကျေးဇူးရှိစေပါတယ်။

ကလေးရဲ့ခြေထောက်နဲ့ လက်မှာ ပူဖောင်းလေးတွေကို လျော့လျော့လေး ချည်ပေးထားလိုက်ပါ။ အဲဒီအခါ ကလေးက ပူဖောင်းလေးတွေကို လိုက်ကြည့်တာကြောင့် လှုပ်ရှားမှုစွမ်းရည် တိုးတက်လာတဲ့အပြင် မျက်လုံးကြွက်သားတွေပါ သန်လာလာပါတယ်။ အာရုံစိုက်နိုင်မှုလည်း မြင့်တက်လာပါတယ်။

ခြေထောက်မှာ ချည်ထားတဲ့ ဘောလုံးကို လိုက်ကြည့်ရတာကြောင့် လည်ပင်းကြွက်သားတွေလည်း ကြံ့ခိုင်လာစေတာပါ။ သင်ကြားလေ့လာမှုအတွက် လည်ပင်းကြွက်သားကြံ့ခိုင်ဖို့က အရေးပါပါတယ်။

ကလေးတွေရဲ့ ခြေထောက်နဲ့လက်မှာ ဘောလုံးလေးတွေ ချည်ပေးတားတာကို အသက် ၅ လခန့်မှာ စတင်ပြီး လုပ်ပေးလို့ရပါတယ်။

တစ်ခုသတိထားသင့်တာကြောင့် ဘောလုံးကို ခြေထောက်နဲ့လက်မှာ ချည်ထားတဲ့အချိန်တွေမှာ မိဘတွေက ဘေးမှာအမြဲတမ်းရှိနေသင့်တာပါ။

ကလေးတွေ လမ်းကောင်းကောင်းလျှောက်တတ်တဲ့အရွယ်မှာ ပူဖောင်းလေးတွေ ပုတ်ပြီးဆော့ကစားတာကလည်း လက်နဲ့ မျက်လုံးကြွက်သားတွေကို တိုးတက်စေပါတယ်။

ဟီလီယမ်ဓာတ်ငွေ့မပါတဲ့ ပူဖောင်းလေးတွေနဲ့ ပုတ်ပြီး ဆော့ကစားခိုင်းတာ၊ ကြက်တောင်ရိုက်တဲ့ဘက်တံနဲ့ ရိုက်ပြီး ကစားခိုင်းတာတွေက ကလေးတွေကို ပျော်ရွှင်စေတဲ့အပြင် ခန္ဓာကိုယ်လှုပ်ရှားမှုလေ့ကျင့်ခန်းလည်း ဖြစ်စေပါတယ်။

ပူဖောင်းနဲ့ဆော့ရင်းနဲ့ ကလေးတွေကို အရောင်တွေအကြောင်းကိုပါ သင်ကြားပေးနိုင်ပါတယ်။ အရောင်တွေရဲ့အခေါ်အဝေါ်၊ ကမ္တာမြေကြီးရဲ့ဆွဲအားအကြောင်း၊ ဝေါဟာရအသစ်၊ အရာဝတ္တုတွေကို ဘယ်လိုနာမည်ပေးထားတဲ့အကြောင်းတွေကိုပါ တွဲပြီးတော့ သင်ကြားပေးသွားလို့ရပါတယ်။

ကလေးတွေရဲ့ လှုပ်ရှားမှုစွမ်းရည်ကို တိုးတက်စေမယ့် အခြားနည်းလမ်းများ

- အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ပြေးလွှားဆော့ကစားခြင်း

- ကြမ်းပြင်ပေါ်က အကွက်တွေကို ခုန်ကူးခြင်း

- လက်ချောင်းလေးတွေနဲ့ သစ်သီးပုံ၊ ကိန်းဂဏန်းပုံဖော်ခြင်း

- အကကခြင်း

- စာရွက်ခေါက်ခြင်း

- အရုပ်ဆက်ခြင်း

- ပုံဆွဲခြင်း

- ပုံတွေကို ဖြတ်ညှပ်ကပ်ပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုစွမ်းရည်တွေသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ဖွံ့ဖြိုးတိုးတက်စေပါတယ်။

Zombie (lovemedia)