တခါတုန်းက မုဆိုးလင်မယား နှစ်ယောက် ရှိတယ်။ မိန်းမဖြစ်သူက မုဆိုးအလုပ် လုပ်နေတဲ့ ယောကျ်ားဖြစ်သူကို ဒီအလုပ် လုပ်တာ မကြိုက်ရှာဘူး။
အဲဒါနဲ့ တနေ့တော့ သူ့ယောက်ျားကို "ရှင် ဥပုသ်လေးဘာလေး စောင့်ပြီး တရားလေး ဘာလေး လုပ်ပါဦးလား ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့" ဆိုပြီး လွတ်လိုက်တယ်။
အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။ ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး
"တပည့်တော်ကို တရားတပုဒ်လောက် တိုတိုတုပ်တုပ်လေး ဟောပေးပါ ဘုရား" လို့ တရားတောင်း တယ်လေ။
ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေးက "ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ" တဲ့ ။
"ဒါ အတိုဆုံး တရားပဲ" တဲ့။ ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ်။
"အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ်ကို ကြိုက်နှစ်သက်လို့ပဲ တောလိုက်မုဆိုး ဘဝနဲ့ ရပ်တည်လာတာ (၅၅) နှစ်တောင် ရှိပါပြီ။ ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလား ဘုရား။ ခုလည်း ဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့" လို့ လျှောက်တယ်။
ထိုအခါ ဆရာတော်က "ဒီနားလာခဲ့" လို့ ခေါ်ပြီး သူ့ကို အပ်နဲ့ ထိုးလိုက်တယ်။ ဒီတော့ မုဆိုး က "အား" လို့ ထအော် တာပေါ့။ အဲဒီမှာ ဆရာတော်က မေးတယ်။ "မင်းကို အပ်နဲ့ထိုးတာ ကြိုက်လား" တဲ့။
ဒီတော့ မုဆိုးက ပြန်ဖြေတယ်။ "ဘယ်ကြိုက်ပါ့မလဲ ဘုရား။ တပည့်တော်က အပ်နဲ့ မပြောပါနဲ့ မျက်စောင်း ထိုးရင်တောင် ကြိုက်တာ မဟုတ်ဘူး" လို့ ပြောသတဲ့။
ဒီမှာပဲ ဆရာတော်က "ဒါဆို မင်းကို အပ်နဲ့ ထိုးတာတောင် မကြိုက်ဘူးဆိုရင် လေးနဲ့ပစ်၊ မြားနဲ့ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ ကိုယ်မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေါ့" လို့ မိန့်လိုက်သတဲ့။
လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး၊ သူများ အသက်ကျ သတ်တယ်။ ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး၊ သူများကျတော့ ညာပြောပြန်တယ်။
တကယ်တော့ ကိုယ်မကြိုက်ဘူး ဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာ လုပ်နေတတ် တယ်လေ။ ဒါကြောင့် ဆရာတော်ဟောတဲ့ "ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ" ဆိုတဲ့ တရားလေးဟာ ပညာပါပြီး ထိရောက်လှပါတယ်။
ဒီတရားလေးကို သိခွင့်ရသွားကြကုန်သော စာဖတ်သူအပေါင်း တို့လည်း နေ့စဉ် ကိုယ်ကြိုက်သော အရာများကိုသာ သူတပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့ အကောင်းကံ များကိုသာ ဖန်တီးနိုင်ကြပြီး ကောင်းကျိုးတွေ ရရှိခံစား နိုင်ကြပါစေ။ Crd
0 Comments