တခါတုန်းက မြို့တမြို့မှာ လက်လုပ်လက်စား မြင်းလှည်းမောင်းတဲ့ လူတယောက် ရှိတယ်။ သူ့အိမ်မှာ ကြက်ဖလေး တကောင်၊ ဝက်ကလေး တကောင်၊ ဘဲကလေး တကောင်ကိုလည်း မွေးထားသေးတယ်။
တရက် မြင်းလှည်းသမားက မြင်းကို အနားပေးချင်တာနဲ့ လှည်းမမောင်းပဲ မြင်းကို လှန့်ထား လိုက်တယ်။
စားကျက်ထဲမှာ မြင်းရယ်၊ ဝက်ရယ်၊ ဘဲရယ်၊ ကြက်ရယ် ဆုံကြတယ်။ ကြက်ကလည်း သူ့ သဘာဝ မြေတွေကိုယက် ပိုးကောင်လေးတွေကို ရှာစားတယ်။
ဘဲကလည်း တီကောင်လေးတွေ ခရုတွေကို ရှာစားတယ်။ ဝက်ကလည်း မြေကိုတူးပြီး အစာရှာ စားနေတယ်။ အဲ့အချိန်မှာ မြင်းက ထ ဟီးလိုက်တယ်။
"တိုးတိုးအော်ပါ ကိုမြင်းရယ် ဒီမှာ အစာရှာ ပျက်တယ်" ဆိုပြီး မြင်းကို ပြောတော့ "ဘယ်တတ်နိုင်ပါ့မလဲ ကြက်ကလေးရယ်။ ငါ့ သဘာဝကိုက ဒီလိုဖြစ်လာတာ၊ မနက်ခင်း မင်းတို့ တွန်သလိုပေါ့"
"ကျွန်တော်တို့ တွန်တာက စည်းကမ်းရှိတယ် ကိုမြင်းရဲ့။ လင်းတက်ချိန် အာရုံချိန်တွေမှာ လူတွေအတွက် အချက်ပြပေး တာပါ။ ခင်ဗျားက အားနေ ဟီးနေတာ ဘေးလူလည်း ကြားမကောင်း လိုက်တာ"
ဝက်က ထရယ်တယ်။
"ဟုတ်တယ် ဟုတ်တယ် ကြက်ကလေး"
မြင်းက မေးတယ်။ "ဝက်အော်တဲ့ အသံကြတော့ရော မင်းတို့ အပြစ် မမြင်ကြဘူးလား"
"မြင်လို့ မရဘူး။ သူက ဗိုက်ဆာလို့ အော်ရင် သခင်ဖြစ်သူက အစာ လာကျွေးတယ်။ ကျွန်တော်တို့က ဝိုင်းစား ရတယ်"
"ဟုတ်ပါပြီကွာ ဘဲကလည်း အားနေ ဂတ်ဂတ် အော်နေတာ"
"သူအော်တာက ကိစ္စ မရှိပါဘူး။ ကျွန်တော်တို့ကိုလည်း အနှောင့်အယှက် မဖြစ်စေဘူး။ ကျွန်တော်က ကုန်းပေါ်မှာ ပျော်နေချိန် သူက ရေမှာနေတယ်လေ။ ကျွန်တော်က သစ်ပင်မှာ တက်ချိန်မှာ သူက မြေကြီးမှာ အိပ်တယ်"
တရက်ကြတော့ မြင်းလှည်းသမားကြီးက
"မြင်းကြီးရေ မင်းလည်း ငါတို့ကို ရှာဖွေကျွေးရတာ ပင်ပန်းနေရောပေါ့ ဘယ်တတ်နိုင်မလဲကွာ" လို့ ပြောတယ်။ အဲ့အချိန်မှာ ကြက်ကလေးက ထပြောတယ်။
"သူက ဘာတွေ ကျွန်တော်တို့ကို ရှာဖွေကျွေးလို့လဲ"
မြင်းလှည်းသမားကြီးက
"သူ့ခြေထောက်ကို သံခွာ တပ်စေပြီး ပြေးလွှားစေရတယ်။ သူ့ပြေးအားနဲ့ ရတဲ့ ငွေနဲ့ ငါ ထမင်းစားရတယ်။ မင်းတို့အတွက် ဆန်တွေ ရတယ်။ ဝက်အတွက် ထမင်းကျန် ဟင်းကျန် ဖြစ်တယ်"
"ဒါပေမယ့် သူ့ အသံက နားထောင် မကောင်းပါဘူး သခင်ရယ်"
"ဒီမှာ ကြက်ကလေး ဘယ်တော့မှ တယူမသန်ပါနဲ့။ သူ့ရဲ့ လုပ်နိုင်စွမ်းကိုသာ လေးစားပါ။ သူ့ရဲ့ ပေးစွမ်းမှု ကိုသာ တန်ဖိုးထားပါ။ သူ့ ကိုယ်ပိုင်ဖြစ်တည်မှု တွေကို တိုင်းတာနေရင် ကောင်းတဲ့သူ ဆိုတာ ရှိလာမှာ မဟုတ်ဘူး ကြက်ကလေး။
သူ့ဟာ နေမကောင်းဖြစ်လို့ အာဟာရ လိုအပ်ရင် မင်းကိုလည်း ငါသတ်ပြီး ပြုတ်တိုက်နိုင်တယ်။ သူ့အတွက် လိုအပ်ရင် ဘဲကို ရောင်းပြီလည်း အားဆေးတွေ ဝယ်တိုက် နိုင်တယ်။ နောက်ဆုံး ဆေးဖိုးဝါးခ မတတ်နိုင်ရင် ဝက်ပါ ပေါ်ပြီး ဆေးကုသင့်ရင် ဆေးကုရ လိမ့်မယ်။
ဘာလို့ ဒီလို ရင်းရတာလဲ လို့ မေးလိမ့်မယ်၊ သခင်က ရက်စက်တယ် လို့လည်း ထင်နိုင်ပါတယ်။ မင်းတို့ ဖြစ်တည်မှုက လက်ရှိမှာ သူ့ကို မှီခိုနေရလို့ပဲ ကြက်ကလေး။
ဘယ်တော့မှ သူရဲ့ ဖြစ်ပျက်မှုကို စိတ်မဝင်စား ပါနဲ့၊ သူရဲ့ အစွမ်းအစနဲ့ လုပ်ကိုင်နိုင်စွမ်း ကိုသာ လေးစားပါ" ဘာမထီဘွားအတွေးစာစုလေးများ
0 Comments