တခါတုန်းက ရွာတရွာက ညောင်ပင်ကြီး တပင်မှာ အရမ်း အားနာတတ်တဲ့ ရုက္ခစိုးတပါး ရှိပါတယ်။ အဲဒီ ရုက္ခစိုးနေတဲ့ ညောင်ပင်ကို နေ့တိုင်းလာပြီး ပူဇော် ဆုတောင်းနေတဲ့ ကောင်မလေးတယောက် ရှိပါတယ်။
တရက်နှစ်ရက် မဟုတ် လနဲ့ ချီပြီး နေ့တိုင်း လာဆုတောင်းနေတော့ ရုက္ခစိုးက အားနာ လာပါတယ်။ ဒါနဲ့ ကောင်မလေး လာပူဇော်တဲ့ အခါ ကိုယ်ထင်ပြပြီး
"ဟေ့ ကောင်မလေး၊ နင်ငါ့ကို နေ့တိုင်း လာပူဇော်နေတာ ဘာကြောင့်လဲ" လို့ မေးတယ်။
ဒီတော့ ကောင်မလေးက "ဒီလိုပါ ကျွန်မ အဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်း တယောက် ရှိပါတယ်။ သားသမီးတွေ ရလာရင်ပေးစားမယ် ဆိုပြီး အဲဒီ သူငယ်ချင်းနဲ့ အဖေနဲ့ ကတိ ထားကြပါတယ်။
ဒါပေမယ့် အဖေရော သူ့ သူငယ်ချင်းပါ သမီးတွေပဲ မွေးခဲ့တော့ သူတို့ကတိ အတွက် အရမ်း စိတ်မကောင်း ဖြစ်နေကြတယ်။ ကျွန်မလည်း အဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်မကို ယောက်ျားလေး ဖြစ်အောင် အရှင်ရုက္ခစိုး ကူညီပေးပါ" လို့ ပြောပြပါတယ်။
ဒီတော့ ရုက္ခစိုးကြီးက "ဟဲ့ နင်ယောက်ျားလေး ဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။ တခြားဆု တောင်းချေ" လို့ ပြောရှာတယ်။ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲ ထပ်တလဲလဲ တောင်းနေတော့ ရုက္ခစိုးကြီးက အားနာလာပြီး
"အင်း နင် ဒီလောက် ဆန္ဒပြင်းပြ နေရင်လည်း နည်းလမ်းတခုတော့ ရှိတယ်။ ဒါပေမယ့် နင်ကတိတည် ရမယ်"
"ကျွန်မအဖေရဲ့ ဆန္ဒသာ ဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်"
"ကောင်းပြီ။ နင့်ကို ငါ့ခါးအောက်ပိုင်း ခဏ ငှားလိုက်မယ်။ ဒါပေမယ့် တနှစ်တိတိ ပြည့်တဲ့နေ့ကျရင် နင်လာပြန်လဲရမယ်" ဆိုပြီး ကတိတောင်းတယ်။
"ကျေးဇူးကြီးပါတယ် အရှင်ရုက္ခစိုးကြီးရယ်"
ဒီလိုနဲ့ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီး ဖြစ်သွားရှာတယ်။ ကောင်မလေး ကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ကောင်လေး ဖြစ်သွားတာကြောင့် သူ့အဖေရဲ့ ဆန္ဒအတိုင်း လက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။ ရုက္ခစိုးမကြီးကလည်း သူ့ဗိမ္မာန်မှာ အေးအေးဆေးဆေး နေခဲ့ပါတယ်။
တနေ့မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားက ညောင်ပင်တပင်ကို တခြားကရုက္ခစိုး တပါး ပြောင်းလာပါတယ်။ ဖြစ်ချင်တော့ ရုက္ခစိုးအသစ်က သူ့ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကို လေ့လာရင်း ရုက္ခစိုးမကြီးကို တွေ့သွားပါလေရော။
တောအုပ်လေးထဲမှာ နှစ်ပါးထဲ ဆိုတော့ ဟိုရုက္ခစိုးက ရင်တွေ ဘာတွေ ခုန်ပြီး ကြောင်တော့တာပဲ။ ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီကို အကြောင်းမရှိ အကြောင်းရှာပြီး သွားလည်၊ အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေ ကြိုက်တတ်တဲ့ ဟာလေးတွေနဲ့ ချုပ် ရတာ အမော။
ရုက္ခစိုးမကြီးကလည်း သူ့အကြောင်းသူ သိတော့ ရှောင်ရှာပါတယ်။ ဒါပေမယ့် နေ့တိုင်း နေ့တိုင်း နားပူနားဆာ လုပ်နေတာ ကြာတော့ ရုက္ခစိုးမကြီးက အားနာနာနဲ့ပဲ အားနာလိုက်ရတယ် ဆိုပါတော့။
ဒီလိုနဲ့ တစ်နှစ်ပြည့်တော့ ကတိအတိုင်း ကောင်မလေးက ရုက္ခစိုးကြီးရဲ့ ခါးအောက်ပိုင်းကို လာပြန်လဲပါတယ်။ ရုက္ခစိုးကြီးကလည်း ပြန်လဲမယ် ဆိုပြီး ကိုယ်ထင်ပြတဲ့အခါ ကောင်မလေး အရမ်း အံ့သြသွားပါတယ်။
မယုံနိုင်စရာပါပဲ။ ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။ ဗိုက်ကလေးက ပူလို့။ ဒီတော့ ကောင် မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မ ကတိအတိုင်း တနှစ်အတိမှာ ပြန်လာခဲ့ပါတယ်။
ဒါပေမယ့် ဒီပုံစံကြီးနဲ့တော့ ပြန်မလဲနိုင်ပါဘူး လို့ ပြောပြော ဆိုဆိုနဲ့ ပြန်ပြေးသွား ပါလေရော။ အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတလုံးနဲ့ ဖြစ်သွားပါလေရောတဲ့။ Crd
0 Comments