ဒေါသကြီးသော ကောင်လေး

တခါတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေးတယောက် ရှိသတဲ့။ တနေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံ တထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။

"မင်းတခါ စိတ်တိုတိုင်း သံတချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ သွားရိုက်ချေကွာ" တဲ့။ အဖေက အဲဒီလို ပြောပြီး သံထုပ်ကို ပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်း ရိုက်သွင်း ဖြစ်သွားတယ်။

အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေ ဟာလည်း တနေ့ထက် တနေ့ ကျဲလာခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက် စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကို ထိန်းရတာ ပိုလွယ်မှန်း သဘောပေါက် လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲ နေနိုင်တဲ့နေ့ကို ရောက်လာရော။ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်။

"အဖေရေ သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ"

အဲ့ဒီလို ကျတော့ သူအဖေက တမျိုး ခိုင်းပြန်ရော။ "မင်းကိုယ်မင်း ဒေါသ မဖြစ်အောင် တနေကုန် ထိန်းနိုင်ပြီ ဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တနေ့ ထိန်းနိုင်ရင် ညအိပ်ခါနီး တချောင်းနှုန်းနဲ့ နှုတ်နော်" လို့ မှာလိုက်သတဲ့။

ရက်တွေ ကြာလာတော့ ကောင်လေးက သူ့အဖေကို ပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီးသွားပြီ။ တချောင်းမှ မကျန်တော့ဘူး။

ဒီအခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ဝင်းထရံဆီကို ခေါ်သွားတယ်။

"တော်တယ် ငါ့သား" လို့လည်း ဆိုပါတယ်။

"ဒါပေမယ့် သား သေချာ ကြည့်စမ်း။ ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ် ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။

အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တဖက်သား ဆိုတဲ့ ဝင်းထရံတိုင်မှာ အခုလို အမာရွတ်တွေ ထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။

အဲဒီလိုပဲ လူတယောက်ကို သားက ဓါးနဲ့ ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ် ဆိုပါစို့။ သား ဘယ်နှစ်ခါဘဲ ရှိခိုး တောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေ ကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်" တဲ့။

တကယ်တော့ မိတ်ဆွေ သူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေ ပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မော စေတယ်။ အားပေး ကူညီတယ်။ ဒုက္ခ၊ သုခတွေကိုလည်း မျှဝေ ခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက် နားထောင်ပေးတယ်။

ဒါကြောင့် တခုခုဆို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ သူတို့ကို သံနှုတ်ရာ ကျန်ခဲ့တဲ့ ဝင်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက် ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်း ပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့ သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့် ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့ သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါ သေးတယ်။

ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။ ဆရာအတ္တကျော်

Post a Comment

0 Comments