ကြောင်လေးတွေက သီးသန့်နေတတ်ပြီး တစ်ခါတရံမှာ လူသားတွေကိုလည်း အဖက်မလုပ်ပါဘူး။ ကြောင်လေးတွေက လူသားတွေကို အဖက်မလုပ်ပေမယ့် လူသားတွေဆီက ဂရုစိုက်တာ၊ ကြင်နာယုယတာကိုတော့ လိုလားကြပါတယ်။
အဲဒါကြောင့် ကြောင်လေးတွေကို ချစ်တဲ့အကြောင်း သူတို့သိအောင် ဘယ်လိုနည်းတွေနဲ့ ပြသနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဖြည်းဖြည်းချင်း မျက်တောင်ခတ်ပြပါ။
မျက်တောင်ခတ်တာက ကြောင်လေးကို စကားပြောဖို့ အလွယ်ဆုံးနည်းလမ်းပါ။ ကြောင်လေးရဲ့မျက်လုံးကို ကြည့်ပြီး ဖြည်းဖြည်းချင်း မျက်တောင်ခတ်ပါလိုက်ပါ။ ကြောင်လေးကလည်း သင့်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း မျက်တောင်ခတ်ပြရင် သင့်ကို ပြုံးပြတဲ့အဓိပ္ပါယ်ပါ။
၂။ ကြောင်လေးကို "အဆင်ပြေရဲ့လား" လို့ မေးပါ။
ဒီမေးခွန်းကိုတော့ တိုးတိုးလေးပဲ မေးပါ။ ကြောင်လေးရှိတဲ့နေရာကို သွားပြီး သူ့ရဲ့ခေါင်းကို ပွတ်သပ်ပေးရင်း မေးနိုင်ပါတယ်။ ကြောင်လေးက သူ့ရဲ့ခေါင်းနဲ့ သင့်ဆီကို တိုးဝှေ့လာရင်တော့ သင်ပြောတာကို ပြန်လည်ဖြေကြားတာပါ။
၃။ ကြောင်ရဲ့လက်လေးကိုင်ပြီး နှုတ်ဆက်ပါ။
ကြောင်ရဲ့လက်ကို သွားကိုင်တဲ့အခါမှာ အခန့်မသင်ရင် အကုတ်ခံရနိုင်ပါတယ်။ ကြောင်ရဲ့လက်ကို သွားမကိုင်ခင်မှာ အရင်ဆုံး ဖြည်းဖြည်းချင်း မျက်တောင်ခတ်ပြလိုက်ပါ။
နောက်တစ်ဆင့်မှာတော့ သင့်ရဲ့လက်ကို ကြောင်လေးဆီကို ညင်ညင်သာသာလေး ကမ်းပေးလိုက်ပါ။ ကြောင်လေးက သင့်ကို ယုံကြည်တဲ့အခါမှာ သူ့ရဲ့လက်ကို ပြန်ပေးလာပါတယ်။ ဒီနည်းနဲ့ ကြောင်လေးကို ချစ်ကြောင်း ပြသနိုင်ပါတယ်။
၄။ လုံခြုံတဲ့ပတ်ဝန်းကျင်
ကြောင်လေးတွေက သူတို့ရဲ့စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့အတွက် နေရာတစ်ရာ လိုအပ်ပါတယ်။ ကြောင်လေးတွေက ကတ်ထူပုံးထဲမှာ ဝင်ပြီးနေရတာကို အရမ်းသဘောကျလေ့ရှိပါတယ်။ ကတ်ထူပုံးထဲမှာ နေရတာက သူတို့အတွက် လုံခြုံနွေးထွေးတယ်လို့ ခံစားရစေပါတယ်။
၅။ ကြောင်လေးနဲ့ ခေါင်းချင်းဆိုင်ပါ။
ကြောင်တွေရဲ့ဆက်သွယ်ပုံ ဆက်သွယ်နည်းတွေက လူသားတွေနဲ့ ကွာခြားနိုင်ပါတယ်။ ကြောင်လေးရဲ့ခေါင်းနဲ့ ခေါင်းချင်းဆိုင်တာက သူ့ကို ဘယ်လောက်ချစ်ကြောင်း ဖော်ပြတဲ့နည်းပါပဲ။
၆။ ကစားပေးပါ။
ကြောင်လေးတွေက သူတို့ဘာသာ ဆော့တတ်တယ်ဆိုပေမယ့် လူသားတွေနဲ့လည်း ဆော့ချင်ပါသေးတယ်။ ကြောင်လေးကို အရုပ်တွေဝယ်ပေးပြီး အတူတူဆော့တာ၊ အပြင်ခေါ်သွားပေးတာတွေက သူတို့အတွက် အသက်ရှည်ကျန်းမာစေမယ့်နည်းလမ်းတွေပါပဲ။
၇။ ကျန်းမာရေးစောင့်ရှောက်မှု
ကြောင်လေးတွေရဲ့ ကျန်းမာရေးက ပိုင်ရှင်တွေအပေါ်မှာလည်း အများကြီးမှီတည်နေပါသေးတယ်။ ကြောင်လေးတွေကို လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်ပေးတာ၊ နေမကောင်းတဲ့အချိန်မှာ ပြုစုစောင့်ရှောက်ပေးတာတွေက သူတို့ကို ချစ်ခင်ကြောင်း ပြသတဲ့နည်းလမ်းတွေပါပဲ။
၈။ ကြောင်လေးကို ကိုယ်ပိုင်အချိန်ပေးပါ။
ကြောင်လေးတွေက လူသားတွေရဲ့အာရုံစိုက်တာကို လိုချင်ပေမယ့်လည်း အမြဲတမ်းလိုချင်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတရံမှာလည်း သီးသန့်နေချင်စိတ်က ဖြစ်ပေါ်ပါသေးတယ်။
ကြောင်လေးက သီးသန့်နေချင်တဲ့အခါ အတင်းအကြပ် အနားကို မခေါ်ထားတာကလည်း သူတို့ကို နားလည်ပေးတဲ့နည်းတစ်မျိုးပါပဲ။
Zombie (lovemedia)
0 Comments