မနာလိုစိတ်ကို တစ်ခါတရံမှာ မြင်တွေ့ဖို့ ခက်ခဲနေတတ်ပါတယ်။ မိမိအပေါ်မှာ အခြားသူက အပေါ်ယံမှာ ကောင်းပြနေပေမယ့်လည်း မနာလိုစိတ်တွေလည်း ရှိနေနိုင်ပါတယ်။
အဲဒါကြောင့် တစ်စုံတစ်ယောက်က သင့်အပေါ်မှာ မနာလိုဖြစ်နေကြောင်း သတိပြုမိနိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ချီးကျူးတစ်ဝက် စော်ကားတစ်ဝက် စကားများကို ပြောခြင်း
သင့်ရဲ့သူငယ်ချင်း သင့်အပေါ်မှာ မနာလိုဖြစ်နေရင် အဆင်ပြေမှုတွေကို လုံးဝဝမ်းမသာပေးနိုင်ပါဘူး။ အဲဒါကြောင့် ချီးကျူးတဲ့စကားလိုလိုနဲ့ လှောင်ချင်တဲ့စကားလုံးတွေနဲ့ပဲ အဆုံးသတ်သွားတတ်ပါတယ်။ ဥပမာအားဖြင့် သင်က အလုပ်တစ်ခုရလာတဲ့အခါမှာ
"အံ့ဩစရာနော်။ ဒီလိုအတွေ့အကြုံလုံးဝမရှိတဲ့သူကို အလုပ်ခန့်တာ ပုံမှန်တော့မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ်" စတဲ့ နှိမ့်ချချင်တဲ့စကားလုံးတွေကိုပဲ ခပ်များများပြောလေ့ရှိပါတယ်။ ဒါပေမယ့် မနာလိုတာကို သိသာသွားမှာစိုးတာကြောင့် ချီးကျူးစကားလေးကိုတော့ ညှပ်ပြောတတ်ပါတယ်။
၂။ သင့်ရဲ့အမှားတွေကို ဝမ်းသာခြင်း
မနာလိုသူတွေက သင်ဘယ်အချိန်မှားမလဲ၊ ဘယ်အချိန်လဲကျသွားမလဲဆိုတာကို အမြဲစောင့်ကြည့်နေတတ်ပါတယ်။ နည်းနည်းလေးမှားလိုက်တာနဲ့ အဲဒီအမှားကို အပြစ်တင်ပြောဆိုလို့ မပြီးတော့ပါဘူး။ အမှားတွေလုပ်မိတဲ့အခါ "ငါပြောသားပဲ" ဆိုတဲ့စကားလုံးနဲ့ ကြိတ်ပြီးဝမ်းသာနေတတ်ပါတယ်။
၃။ ဆင်ခြေတွေ ပေးခြင်း
သင်ရဲ့အောင်မြင်မှုတွေကို မနာလိုတဲ့သူတွေက မရှုစိမ့်ပါဘူး။ အဲဒါကြောင့် သင့်အတွက် အကျိုးရှိမယ့်အရာတွေလုပ်တော့မယ်ဆိုရင် ဆင်ခြေတွေ အမျိုးမျိုးပေးနေတတ်ပါတယ်။ အကူအညီတောင်းတဲ့အခါမှာလည်း အမြဲတမ်း ရှောင်နေတတ်ကြပါတယ်။
၄။ အတင်းအဖျင်းပြောခြင်း
မနာလိုတဲ့သူတွေက သင့်ရဲ့ကောင်းသတင်းမှန်သမျှကို မကြားလိုကြပါဘူး။ အဲဒါကြောင့် ကောင်းသတင်းတွေကို တိမ်မြှုပ်သွားအောင် အတင်းအဖျင်းစကားတွေ ဖြန့်ဖြူးကြပါတယ်။ အများအမြင်မှာ သူက သင့်ထက်သာကြောင်း ကိုယ်ရည်သွေးနေတတ်ပါတယ်။
၅။ သင့်ကို ကံကောင်းလိုက်တာဟုပြောခြင်း
မနာလိုတဲ့သူတွေ အပြောများဆုံး စကားလုံးကတော့ "နင်က အရမ်းကံကောင်းတာပဲနော်" ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။ အဲဒီစကားက ဟန်ဆောင်ပြီးပြောတာလည်း ဖြစ်နိုင်သလို ရှေ့မှာ သင် အခက်အခဲတွေ့နိုင်တာကို ကြိုတင်ပျော်ပြီး "ကံကောင်းလိုက်တာ" လို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်။
၆။ သင့်ရဲ့အောင်မြင်မှုတွေကို သေးသိမ်သွားအောင်လုပ်ခြင်း
မနာလိုတဲ့သူတွေက သင့်ရဲ့ကောင်းသတင်းကို ကြားလိုက်တာနဲ့ ပြစ်ချက်တွေ၊ အနာအဆာတွေကို မရရအောင် လိုက်ရှာပါတော့တယ်။ ဥပမာအားဖြင့် သင်က စာမေးပွဲဖြေနိုင်တဲ့အခါမှာ
"အရမ်းလည်း ပျော်မနေနဲ့ဦး။ ရှေ့မှာ စာမေးပွဲတွေ အများကြီး ဖြေရဦးမှာ" စသဖြင့် သင့်ရဲ့ပျော်ရွှင်မှုတွေကို ချက်ချင်းရပ်တန့်သွားအောင် ပြောတတ်ကြပါတယ်။ သတိပေးသလိုနဲ့ ပုတ်ချတတ်တဲ့အကျင့်က မနာလိုတတ်သူတွေမှာ အမြဲရှိနေတတ်ပါတယ်။
၇။ သင့်ကို အမြဲတမ်းထောက်လှမ်းနေခြင်း
မနာလိုတဲ့သူတွေက သင်ဘာလုပ်နေလဲ၊ ဘာအဆက်အသွယ်တွေရှိနေလဲ၊ ဘာတွေကြိုးစားအားထုတ်နေလဲ၊ အလုပ်တွေပြီးပြီးလားဆိုတာကို အမြဲတမ်း စုံစမ်းထောက်လှမ်းနေတတ်ပါတယ်။
သူတို့ကိုယ်တိုင်မစုံစမ်းနိုင်ရင်တောင် အခြားသူတွေနဲ့ စုံစမ်းတတ်ကြပါတယ်။ အခြားသူရဲ့ကြိုးစားအားထုတ်မှုတွေကို ခိုးယူပြီး သူတို့ရဲ့ဂုဏ်ကို မြင့်တင်တတ်ကြပါတယ်။
Zombie (lovemedia)
0 Comments