မနက်ခင်းမှာ သီချင်းသံတွေနဲ့ အိပ်ရာနိုးထတာက သင့်ရဲ့တနေ့တာကို ဘယ်လိုသက်ရောက်မှုရှိစေလဲ

ဂီတက လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ အကြိုက်ဆုံးတေးသွားတွေနဲ့ မနက်ခင်းမှာ နိုးထလာရတာကလည်း ပျော်ရွှင်မှုတခုပါပဲ။ မနက်ခင်းမှာ ဂီတသံစဉ်တွေနဲ့အတူ အိပ်ရာထတာက တနေ့တာအတွက် အများကြီးသက်ရောက်မှု ရှိစေပါတယ်။

၁။ ကော်တီဇောဟော်မုန်းကို နည်းပါးစေခြင်း

စိတ်ဖိစီးမှုတွေအရမ်းများနေတဲ့အခါ သီချင်းနားထောင်လိုက်ပါ။ စိတ်ဖိစီးမှုဟော်မုန်းလို့ခေါ်ကြတဲ့ကော်တီဇောဟော်မုန်းကို ဂီတသံက လျော့ပါးစေပါတယ်။ သင့်ရဲ့တနေ့တာကို အကြိုက်ဆုံးသီချင်းနဲ့အတူ နိုးထရတာက စိတ်ကို ကြည်လင်စေမှာပါ။

၂။ Dopamine ဟော်မုန်းကို တိုးစေခြင်း

သီချင်းနားထောင်တဲ့အခါ သင်ရဲ့စိတ်က ချက်ချင်းပြောင်းလဲသွားမှာပါ။ ဂီတသံစဉ်‌တွေက ပျော်ရွှင်မှုဟော်မုန်းလို့ခေါ်တဲ့ Dopamine ဟော်မုန်းကို တိုးများလာစေပါတယ်။

စိတ်ထဲမှာ အရမ်းဝမ်းနည်းနေတဲ့အခါ စိတ်အားတက်ကြွစေမယ့်သီချင်းနားထောင်လိုက်ပါ။ ဒါပေမယ့် အသည်းကွဲနေချိန်မှာ အသည်းကွဲသီချင်းနားထောင်တာက ပိုပြီး ခံစားလာရစေမှာပါ။

၃။ မှတ်ဉာဏ်ကို လှုံ့ဆော်ပေးခြင်း

ဂီတသံက အတိတ်က အရာတွေကို ပြန်မှတ်မိစေပါတယ်။ နားထောင်နေကျသီချင်းကို ဖွင့်လိုက်တာနဲ့ တိုက်ဆိုင်တဲ့အရာတွေက အတွေးထဲမှာ အစီအရီပြန်ပေါ်လာပါတယ်။

သီချင်းသံတွေက စိတ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျတာတွေကို နည်းပါးသွားစေပါတယ်။ အဲဒါကြောင့် စိတ်ပူပန်သောကတွေများနေတဲ့အခါ မနက်ခင်းကို သီချင်းတွေနဲ့ အိပ်ရာထလိုက်ပါ။

၄။ ကိုယ်ခံအားကောင်းစေခြင်း

သီချင်းနားထောင်တာက ကိုယ်ခံအားကိုလည်း ပိုကောင်းလာစေပါတယ်။ သီချင်းသံတွေက ခန္ဓာကိုယ်ထဲမှာ antibodies တွေ ထွက်လာစေပါတယ်။ အဲဒါကြောင့် ပြင်ပက ဝင်ရောက်လာတဲ့ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ပြီးသားဖြစ်စေပါတယ်။

၅။ ခေါင်းမူးတာကို သက်သာစေခြင်း

မနက်ခင်းမှာ ဆူညံတဲ့အသံတွေ ကြားရတဲ့အခါ စိတ်က မကြည်မလင်ဖြစ်နေမှာပါ။ ဒါပေမယ့် သာယာတဲ့သီချင်းသံတွေ၊ အကြိုက်ဆုံးသီချင်းသံတွေနဲ့ နိုးလာရတဲ့အခါမှာတော့ စိတ်မကြည်လင်တာနဲ့ ခေါင်းမူးတာက သက်သာသွားမှာပါ။ သီချင်းနားထောင်တာက အားအင်တွေ ပြည့်လာသလိုလည်း ခံစားလာရစေပါတယ်။

၆။ ဖန်တီးမှုတွေ အားကောင်းလာခြင်း

အလုပ်တွေ စတင်မလုပ်ခင်မှာ သင်ကြိုက်တဲ့သီချင်းတွေကို အရင်နားထောင်လိုက်ပါ။ သီချင်းတွေက တီထွင်ဖန်တီးမှုတွေကို ပိုမိုအားကောင်းလာစေပါတယ်။

အလုပ်လုပ်ပြီးနောက် ပင်ပန်းတဲ့အခါမှာလည်း သီချင်းသံတွေက နွမ်းနယ်နေတာတွေကို ပြေပျောက်စေပါတယ်။ သီချင်းနားထောင်ပြီးနောက် အလုပ်လုပ်တဲ့အခါမှာ မတူညီတဲ့အတွေးသစ်တွေ ရရှိလာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments