ပစ္စည်းတစ်ခုကို ဝယ်ယူတဲ့အခါမှာ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်တဲ့ရက်စွဲ၊ ပါဝင်ပစ္စည်း၊ စွမ်းအင်ပမာဏ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ အညွှန်းတို့ကို ကြည့်ရှုလေ့ရှိကြပါတယ်။
ဒါပေမယ့် အလှအပကုန်ပစ္စည်းတွေကို ဝယ်တဲ့အခါမှာတော့ အညွှန်းကို သေချာကြည့်ရှုသင့်ပါတယ်။ အဲဒါကြောင့် အလှအပကုန်ပစ္စည်းတွေမှာ ဖော်ပြလေ့ရှိတဲ့ သင်္ကေတတွေရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဖုံးဖွင့်ထားတဲ့သင်္ကေတ
ဒီသင်္ကေတကိုတော့ အလှအပကုန်ပစ္စည်းတွေရဲ့ ဘူးပေါ်မှာ တွေ့နိုင်ပါတယ်။ ဘူးကို ဖွင့်ပြီးနောက် ပစ္စည်းကို ဘယ်လောက်ကြာကြာအထိ အသုံးပြုနိင်သေးလဲဆိုတာကို ဖော်ပြတာပါ။ ဥပမာအားဖြင့် ဘူးအဖုံးဖွင့်ထားတဲ့ပုံလေးနဲ့ 6M လို့ ရေးထားရင် ဘူးကို ဖွင့်ပြီးနောက် ၆ လအတွင်း အသုံးပြုသင့်ကြောင်းကို ညွှန်းတာပါ။
သဲနာရီ
သဲနာရီသင်္ကေတလေးကတော့ ဘူးကို ဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ သက်တမ်းကုန်ဆုံးမယ့်ရက်ကို ဖော်ပြတာပါ။
E
E အက္ခရာပုံအသေးရဲ့ အဓိပ္ပါယ်ကတော့ ပစ္စည်းရဲ့ပမာဏနဲ့ အလေးချိန်ကို ဖော်ပြပါတယ်။ EU နိုင်ငံတွေမှာ ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေပေါ်မှာ ဒီသင်္ကေတလေးကို အများအားဖြင့် တွေ့ရတတ်ပါတယ်။
Ecocert
Ecocert သင်္ကေတလေးကို တွေ့ရင်တော့ ဒီကုန်ပစ္စည်းကို သဘာဝပစ္စည်းနဲ့ ထုတ်လုပ်ထားကြောင်း ညွှန်ပြနေတာပါ။ Ecorcert Natural and organic comestic လို့ရေးထားရင် အဲဒီအလှကုန်ပစ္စည်းကို အပင်ကို အခြေခံထားတဲ့ပါဝင်ပစ္စည်း ၉၅ ရာခိုင်နှုန်းနဲ့ ထုတ်လုပ်ထားပြီး ပါဝင်ပစ္စည်းတွေရဲ့ ၁၀ရာခိုင်နှုန်းက သဘာဝစစ်စစ်ဖြစ်ကြောင်း ဖော်ပြခြင်း ဖြစ်ပါတယ်။
လက်နဲ့ စာအုပ်
ဒီသင်္ကေတလေးကတော့ သုံးမယ့်ကုန်ပစ္စည်းထဲမှာ လက်ကမ်းစာစောင်ပါဝင်ကြောင်း၊ လက်ကမ်းစာစောင်ထဲမှာ ပစ္စည်းရဲ့အချိုးအစား၊ အသုံးပြုပုံ၊ ထိန်းသိမ်းပုံထိန်းသိမ်းနည်းတို့ကို ရေးသားထားပါတယ်။
မီးတောက်
မီးတောက်ပုံလေးကို ဘူးပေါ်မှာ တွေ့တဲ့အခါ အဲဒီပစ္စည်းက မီးလောင်လွယ်ကြောင်း၊ အသုံးပြုတဲ့အခါ၊ သိမ်းဆည်းတဲ့အခါမှာ သတိထားသုံးကြောင်း ပြောပြတာပါ။ ဒီလိုပစ္စည်းတွေကိုတော့ မီးနဲ့ ဝေးရာမှာ ထားသင့်ပါတယ်။
အစိမ်းရောင်အစက်
အစိမ်းရောင်အစက်လေးကိုတွေ့ရင်တော့ ဒီပစ္စည်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း ဖော်ပြတာပါ။ အစိမ်းရောင်အစက်လေးမှာ မြားပါနေရင် ထုတ်လုပ်တဲ့ကုမ္ပဏီက ဘူးခွံတွေကို ပြန်လည်အသုံးချနိုင်တဲ့ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားကြောင်း အဓိပ္ပါယ်ပါ။
လည်နေတဲ့မြား
ဒီလိုပုံစံသင်္ကေတလေးကိုတော့ ကုန်ပစ္စည်းရဲ့ဘူးတွေပေါ်မှာ ခပ်များများတွေ့ရပါတယ်။ ပုံရဲ့အလယ်မှာ ကိန်းဂဏန်းလေးတွေကို ရေးသားထားပါတယ်။
အဲဒီကိန်းဂဏန်းလေးတွေကတော့ ဘူးခွံကို ဘယ်နှကြိမ်အထိ အသုံးပြုနိုင်မလဲဆိုတာကို ဖော်ပြတာပါ။
UVA
UVA လို့ ရေးထားတဲ့ စာလေးကို အလှကုန်ပစ္စည်းတွေမှာ တွေ့ရများပါတယ်။ အဲဒီအလှအပပစ္စည်းထဲမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ sunscreen ပါဝင်ကြောင်း သိနိုင်ပါတယ်။
CE
CE ရဲ့ အရှည်ကတော့ Conformite Europeenne ဖြစ်ပါတယ်။ ဥရောပအဆင့်အတန်းနဲ့အညီ ထုတ်လုပ်ထားကြောင်း အတည်ပြုထားပေးတာ ဖြစ်ပါတယ်။
FSC
FSC ကတော့ ဘူးရဲ့ထုတ်ပိုးမှုကို Forest Stewardship Council က အတည်ပြုထားတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ ပစ္စည်းရဲ့ထုတ်ပိုးမှုကို တရားဝင်တဲ့ကုန်ကြမ်းပစ္စည်းတွေကနေ ရရှိကြောင်း အဓိပ္ပါယ်ပါ။
ယုန်
ဘူးပေါ်မှာ ယုန်လေးကို တွေ့ရင် ဒီကုန်ပစ္စည်းကို တိရစ္ဆာန်တွေနဲ့ မစမ်းသပ်ထားကြောင်း ညွှန်ပြခြင်းဖြစ်ပါတယ်။
Zombie (lovemedia)
0 Comments