သင်ရွေးချယ်လိုက်တဲ့ အခန်းရဲ့အရောင်က စိတ်ခံစားချက်တွေကို လွှမ်းမိုးမှုရှိနိုင်ပါတယ်။ ဒါ့အပြင် ရွေးချယ်လိုက်တဲ့အခန်းအရောင်က အခန်းကို ကျယ်သွားစေသလို၊ အခန်းကို ကျဉ်းတယ်လို့လည်း ထင်ရစေပါတယ်။
အဲဒါကြောင့် အခန်းသုတ်ဆေးနဲ့ အခန်းရဲ့အရွယ်အစားကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အခန်းကို ကျယ်တယ်လို့ ထင်ရစေဖို့
အခန်းကို ကျယ်တယ်လို့ ထင်ရစေဖို့အတွက် အရောင်ရွေးမယ်ဆိုရင် အဖြူရောင်ကို ရွေးသင့်ပါတယ်။ အဖြူရောင်မကြိုက်တဲ့အခါ အရောင်ခပ်ဖျော့ဖျော့ကို ရွေးချယ်နိုင်ပါတယ်။
အခန်းကို ကျယ်တယ်လို့ ထင်ရစေဖို့ အခန်းမျက်နှာကျက်၊ နံရံ၊ ဘေးအနားကွပ်တွေ အားလုံးကို အဖြူရောင်သုတ်လိုက်ပါ။ ကြမ်းပြင်ကိုလည်း ဖျော့တဲ့အရောင်ရွေးချယ်လိုက်ရင် အခန်းက ကျယ်သွားသလို ခံစားရစေပါတယ်။
၂။ အခန်းကို ရှည်တယ်လို့ ထင်ရစေဖို့
အခန်းရဲ့ အလျားက ရှည်တယ်လို့ ထင်ရအောင် အရောင်နဲ့ ပြောင်းလဲလိုက်လို့ရပါတယ်။ မျက်နှာကျက်ကို အရောင်ဖျော့သုံးပြီး နံရံတွေကိုတော့ အရောင်ရင့် ခြယ်လိုက်ပါ။ အဲဒီအခါ အခန်းက ကြည့်လိုက်တာနဲ့ ရှည်လျားတယ်လို့ ခံစားမိစေပါတယ်။
၃။ အခန်းကို ကျဉ်းတယ်လို့ ထင်ရစေဖို့
အခန်းက အရမ်းကျယ်နေလို့ ကျဉ်းအောင် ပြုလုပ်ဖို့အတွက် အရောင်၂ ရောင်ပဲ လိုအပ်ပါတယ်။ မျက်နှာကျက်နဲ့ နံရံတစ်ဖက်ကို အဖြူရောင်သုတ်ပြီး မျက်နှာချင်းဆိုင်နံရံနှစ်ဖက်ကို အရောင်ရင့်သုံးလိုက်ပါ။ အဲဒီအခါ အခန်းက ကျဉ်းပြီး နွေးထွေးတယ်လို့ ထင်ရစေပါတယ်။
၄။ နံရံကို ပေါ်လွင်စေဖို့
အခန်းရဲ့နံရံပေါ်မှာ ပန်းချီကား သို့မဟုတ် ဓာတ်ပုံတစ်ခုခုကို ပေါ်လွင်စေချင်တဲ့အခါမှာ ပေါ်လွင်စေချင်တဲ့နံရံကို အဖြူရောင်ဆေးသုတ်လိုက်ပါ။ မျက်နှာကျက်၊ ဘေးနံရံတွေကိုတော့ အရောင်ရင့်သုတ်လိုက်ရင် ပန်းချီကား သို့မဟုတ် ဓာတ်ပုံတို့ကို ထင်းကနဲ လင်းကနဲ ချက်ချင်းသတိထားမိစေမှာပါ။
၅။ အခန်းကို သေးတယ်လို့ ထင်ရစေဖို့
အခန်းက စိတ်တိုင်းမကျဘဲ သေးအောင်ပြုလုပ်ချင်တဲ့အခါ အရောင်တွေကို အသုံးပြုလိုက်ရုံပါပဲ။ မျက်နှာကျက်နဲ့ နံရံတွေအားလုံးကို အရောင်ရင့်အသုံးပြုလိုက်ပါ။ အိပ်ခန်းနဲ့ စာကြည့်တိုက်တွေအတွက် ဒီနည်းက အရမ်းထိရောက်ပါတယ်။
၆။ အခန်းရဲ့ ဘေးဘက်တွေကို ကျယ်တယ်လို့ ထင်ရစေဖို့
အခန်းက အနံတိုနေပြီး ကျဉ်းတယ်လို့ ခံစားရရင် မျက်နှာကျက်နဲ့ နံရံတစ်ခုကို အရောင်ရင့်အသုံးပြုလိုက်ပါ။ မျက်နှာချင်းဆိုင်နံရံနှစ်ခုကိုတော့ အဖြူရောင်ဆေးသုတ်လိုက်ပါ။ အဖြူရောင်က အခန်းကို ရှည်လျားအောင်၊ ကျယ်အောင် ဖန်တီးပေးပါတယ်။
၇။ အခန်းကို အလျားလိုက် ကျယ်တယ်လို့ ထင်ရစေဖို့
အခန်းရဲ့ နံရံတွေကို နှစ်ပိုင်းခွဲလိုက်ပါ။ မျက်နှာကျက်နဲ့ နံရံတွေရဲ့အောက်ခြေတွေကို အဖြူရောင်ဆေးခြယ်ပြီး နံရံရဲ့အပေါ်ပိုင်းကိုတော့ အရောင်ရင့် ခြယ်သလိုက်ပါ။ အခန်းက ကြည့်လိုက်တာနဲ့ ကျယ်တယ်လို့ ချက်ချင်း ခံစားမိစေပါတယ်။
၈။ အခန်းကို အကျဉ်းချုံ့ဖို့
အခန်းကို မျက်လုံးအမြင်မှာ ကျဉ်းတိုတိုလေး ဖြစ်နေအောင်လို့ မျက်နှာကျက်နဲ့ မျက်နှာချင်းဆိုင်နံရံတွေကို အဖြူရောင်ဆေးသုတ်ပါ။ နံရံတစ်ခုကိုတော့ အရောင်ရင့်အသုံးပြုပါ။
၉။ မျက်နှာကျက်ကို နိမ့်တယ်လို့ ထင်ရစေဖို့
အခန်းက မြင့်ပြီးတော့ မျက်နှာကျက်ကို နိမ့်အောင်ပြုလုပ်ချင်တဲ့အခါ မျက်နှာကျက်ကို အရောင်ရင့်အသုံးပြုလိုက်ပါ။ နံရံတွေအားလုံးကတော့ အဖြူရောင်ဆေးသုတ်ပါ။
Zombie (lovemedia)
0 Comments