အများသုံးအိမ်သာသုံးတဲ့အခါ ရောဂါပိုးမွှားတွေ ကူးစက်မလာအောင် ကာကွယ်နိုင်မယ့်နည်းလမ်း (၈) ခု

အများသုံးအိမ်သာကို လူပေါင်းစုံအသုံးပြုကြတာကြောင့် ဘက်တီးရီးယားပိုးမွှားတွေက အများဆုံးရှိနေပါတယ်။ အများသုံးအိမ်သာကို မဖြစ်မနေအသုံးပြုရတဲ့အခါမှာ အန္တရာယ်ပေးနိုင်တဲ့ ရောဂါပိုးမွှားတွေ ကူးစက်မလာအောင် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လက်နဲ့ တိုက်ရိုက်မထိတွေ့ပါနဲ့။

အများသုံးအိမ်သာထဲမှာ တံခါးလက်ကိုင်ကစလို့ ဘယ်အရာကိုမဆို ထိတွေ့တော့မယ်ဆိုရင် လက်နဲ့ တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ တံခါးလက်ကိုင်နဲ့ အခြားသောနေရာတွေကို တစ်ရှူးနဲ့ အုပ်ပြီးမှသာ ကိုင်တွယ်ပါ။

တစ်ရှူးအစိုလေးတွေကို အမြဲတမ်းဆောင်ထားရင် အများသုံးအိမ်သာမှာ ရေမရှိရင်တောင် စိတ်ပူစရာမလိုတော့ပါဘူး။

၂။ ခပ်ဝေးဝေးနေပါ။

အများသုံးအိမ်သာထဲမှာ အခြားလူတွေနဲ့ ၆ ပေအကွာမှာပဲ နေပါ။ အများသုံးအိမ်သာက အရမ်းကျဉ်းနေတယ်ဆိုရင်တောင် တတ်နိုင်သမျှ ခပ်ကွာကွာမှာပဲ နေပါ။

၃။ နှာခေါင်းကို အုပ်ထားပါ။

အများသုံးသန့်စင်ခန်းထဲမှာ air fresher မရနိုင်တာ ပိုများပါတယ်။ အဲဒီအခါ နှာခေါင်းကို လက်မောင်း၊ လက်ကိုင်ပုဝါတို့နဲ့ အုပ်ပြီးမှသာ ဝင်ပါ။

၄။ သန့်စင်ခန်းကို ရွေးချယ်ပါ။

များသောအားဖြင့် လူတွေက အလယ်မှာရှိတဲ့သန့်စင်ခန်းကို ပိုရွေးကြပါတယ်။ ဒါပေမယ့် ပထမဆုံးအခန်းက အသန့်ရှင်းဆုံးဖြစ်နေတတ်ပါတယ်။

မသုံးဘဲနဲ့ဒီတိုင်းထားထားတဲ့ သန့်စင်ခန်းတွေကလည်း မသန့်ရှင်းပါဘူး။ အဲဒါကြောင့် သုံးလေ့သုံးထမရှိတဲ့ သန့်စင်ခန်းကိုလည်း မရွေးသင့်ပါဘူ။

၅။ အိမ်သာထိုင်ခုံကို အသုံးမပြုခင်မှာ သန့်ရှင်းရေဂလုပ်ပါ။

အိမ်သာထိုင်ခုံမှာ လူပေါင်းစုံရဲ့ဘက်တီးရီးယားတွေက အများကြီးစုဝေးနိုင်ပါတယ်။ အိမ်သာထိုင်ခုံကို အသုံးမပြုခင်မှာ စက္တူနဲ့ သုတ်လိုက်ပါ။ သုတ်တဲ့အခါမှာလည်း လက်နဲ့တိုက်ရိုက်မထိတွေ့အောင် ရှောင်ကြဉ်သင့်ပါတယ်။

၆။ ရေဆွဲချတဲ့အခါမှာလည်း လက်နဲ့ တိုက်ရိုက်မထိတွေ့သင့်ပါဘူး။

အချို့သော အများသုံးအိမ်သာတွေမှာ အလိုအလျောက်ရေဆွဲချတဲ့စနစ်ပါဝင်ပါတယ်။ အလိုအလျောက်ရေဆွဲချတဲ့စနစ်မပါဝင်တဲ့အခါ ရေဆွဲချတဲ့ခလုပ်ကို လက်နဲ့ တိုက်ရိုက်မနှိပ်လိုက်ဘဲ တစ်ရှူးနဲ့ ခံပြီးတော့မှ နှိပ်ပါ။ ရေဆွဲချတဲ့ခလုပ်မှာလည်း ဘက်တီးရီးယားတွေက အများကြီးရှိနေပါတယ်။

ရေဆွဲချတော့မယ်ဆိုရင် အိမ်သာအဖုံးကို ပိတ်လိုက်သင့်ပါတယ်။ ရေဆွဲချတဲ့အခါမှာ အိမ်သာခွက်ထဲက ဘက်တီးရီးယားတွေက လေထဲကို ပျံ့နှံ့သွားနိုင်တာကြောင့်ပါ။

၇။ လက်ကို စနစ်တကျဆေးကြောပါ။

အိမ်သာကို အသုံးပြုပြီးတဲ့အခါ လက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောပေးပါ။ ဆပ်ပြာမရှိတဲ့အခါမှာ လက်သန့်စင်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။

လက်သန့်စင်ဆေးရည်ကိုလည်း အမြဲတမ်းဆောင်ထားသင့်ပါတယ်။ လက်ကို ဆေးကြောပြီးတဲ့အခါမှာ ချက်ချင်းအခြောက်ခံပါ။

၈။ လက်ကိုင်တံခါး

အများသုံးသန့်စင်ခန်းကနေ ထွက်တဲ့အခါမှာ လက်ကိုင်တံခါးကို တိုက်ရိုက်မကိုင်ဘဲ တစ်ရှူးစက္ကူ၊ သို့မဟုတ် တစ်ရှူးအစိုနဲ့သာ ကိုင်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments