အိမ်ဖောက်ထွင်းသူခိုးတွေက အားလပ်ရက်ခရီးရှည်ထွက်တဲ့အချိန်အခါကို စောင့်ဆိုင်းကြပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေအရ ခရီးထွက်များတဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ အိမ်ဖောက်ထွင်းခိုးယူမှုတွေ ပိုများပါတယ်။
အားလပ်ရက်ခရီးထွက်တဲ့အခါ အိမ်ဖောက်ထွင်းသူခိုးတွေရဲ့ဘေးကနေ ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ခရစ္စမတ်သစ်ပင်ကို ပြတင်းပေါက်နဲ့ခပ်ဝေးဝေးမှာထားပါ။
လူအများစုက ခရစ္စမတ်သစ်ပင်ကို ပြတင်းပေါက်နား ထားရတာကို သဘောကျကြပါတယ်။ တစ်ခါတရံမှာ လက်ဆောင်ပစ္စည်းတွေကို ခရစ္စသစ်ပင်ရဲ့အောက်မှာ မဖောက်ရသေးဘဲ ရက်အတန်ကြာ ထားတတ်ကြပါတယ်။
အဲဒီအခါ အိမ်ဖောက်ထွင်းသူခိုးတွေက ခိုးမယ့်ပစ္စည်းတွေကို လွယ်လွယ်ကူကူရှာတွေ့နိုင်ပြီး အခြားသောပစ္စည်းတွေကိုပါ ခိုးယူသွားတတ်ပါတယ်။
၂။ ခရစ္စမတ်သစ်ပင်မှာထွန်းတဲ့မီးတွေကို Timer နဲ့ဖွင့်ထားပါ။
အားလပ်ရက်ခရီးထွက်ရင်တောင် ခရစ္စမတ်သစ်ပင်မှာ ထွန်းတဲ့မီးတွေကို မပိတ်ခဲ့ဘဲ timer နဲ့ဖွင့်ထားခဲ့ပါ။ အဲဒီအခါ အိမ်ထဲမှာ လူရှိသလို ထင်ရစေပြီး ဖောက်ထွင်းသူခိုးတွေက ခိုးယူဖို့ ရှောင်သွားတတ်ပါတယ်။
၃။ Social media မှာ post တွေကို ခဏခဏတင်တာကို ရှောင်ကြဉ်ပါ။
တစ်စုံတစ်ယောက်က သင့်အိမ်ကို ဖောက်ထွင်းဖို့ ချိန်ရွယ်တဲ့အချိန်မှာ သင်က ခရီးထွက်နေကြောင်း post တွေ ခဏခဏတင်တာက သူ့အတွက် အခွင့်ကောင်းဖြစ်သွားစေမှာပါ။
သင်အိမ်ပြန်မရောက်သေးမှန်းသိတဲ့အခါမှာ အိမ်ကို ဖောက်ထွင်းပြီး ခိုးယူးသွားနိုင်ပါတယ်။ ခရီးသွားနေကြောင်း post တွေကို အိမ်ရောက်ပြီးမှ တင်တာက ပိုပြီးတော့ ဘေးကင်းစေမှာပါ။
၄။ အိမ်အပြင်ဘက်မှာ အိမ်သော့ကို မဖွက်ထားခဲ့သင့်ပါဘူး။
အိမ်အပြင်ဘက်မှာ လျှို့ဝှက်သော့ထားခဲ့တာကို သူခိုးတွေက မသိရင်တောင် ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။ ကျွမ်းကျင်တဲ့သူခိုးဆိုရင်တော့ ဖွက်ထားတဲ့သော့ကိုတောင် ရှာတွေ့သွားနိုင်ပါတယ်။ အဲဒါကြောင့် သော့ကို အိမ်အပြင်ဘက်မှာ ဘယ်တော့မှ ဖွက်မထားခဲ့သင့်ပါဘူး။
၅။ မှာထားတဲ့ပစ္စည်းတွေကို ယုံရတဲ့တစ်ယောက်ယောက်နားမှာ အပ်ထားသင့်ပါတယ်။
သင်က ခရီးထွက်နေတဲ့အချိန်မှာမှ မှာထားတဲ့ပစ္စည်းတွေက ရောက်လာတတ်ပါတယ်။ ပစ္စည်းတွေက ရောက်လာပြီး အိမ်အပြင်ဘက်မှာ ဒီတိုင်း ရှိနေရင် သူခိုးတွေအတွက် အခွင့်ကောင်းပါပဲ။
ပစ္စည်းတွေက အချိန်ကြာကြာ အိမ်အပြင်ဘက်မှာ ရှိနေရင် အိမ်မှာ လူမရှိတာ သိသာပြီး ဖောက်ထွင်းသူခိုးတွေ ဝင်ရောက်လာမှာပါ။ ခရီးသွားတဲ့အချိန်မှာ မှာထားတဲ့ပစ္စည်းတွေအတွက် ယုံကြည်ရသူတစ်ယောက်ယောက်ရဲ့လိပ်စာကိုပဲ ပေးသင့်ပါတယ်။
၆။ ခရီးမထွက်ခင်မှာ အိမ်က တန်ဖိုးကြီးပစ္စည်းတွေကို ဓာတ်ပုံရိုက်ထားပါ။
တစ်စုံတစ်ယောက်က သင့်အိမ်ကို ဝင်ရောက်ပြီး ခိုးယူခဲ့ရင်တောင် အိမ်က တန်ဖိုးကြီးပစ္စည်းတွေကို ဓာတ်ပုံရိုက်ထားတာကြောင့် သက်သေအထောက်အထားတွေ အများကြီးရစေမှာပါ။
ဒါ့အပြင် အိမ်မှာ တစ်ခုခု ပျောက်နေရင်တောင် ချက်ချင်းသတိထားမိနိုင်မှာပါ။ ရဲကို တိုင်တဲ့အခါမှာလည်း အကူအညီဖြစ်စေနိုင်ပါတယ်။
၇။ လှေကားနဲ့ အခြားသောပစ္စည်းကိရိယာတွေကို ဂိုဒေါင်ထဲမှာ သိမ်းခဲ့ပါ။
အိမ်ဖောက်ထွင်းသူခိုးတွေက လှေကားနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို လိုက်ရှာလေ့ရှိပါတယ်။ အဲဒါကြောင့် လှေကားနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို ဂိုဒေါင်ထဲမှာ သိမ်းထားသင့်ပါတယ်။ ဒီလိုပစ္စည်းတွေကို ရှာမတွေ့တဲ့အခါ အိမ်ဖောက်ထွင်းဖို့ ခက်ခဲပြီး လက်လျှော့သွားနိုင်ပါတယ်။
၈။ အိမ်အပြင်ဘက်မှာ ထွန်းတဲ့မီးတွေကို ပြတင်းပေါက်ကနေ မသွယ်တန်းသင့်ပါဘူး။
အိမ်အပြင်ဘက်မှာ ထွန်းဖို့မီးတွေကို ပြတင်းပေါက်ကနေ သွယ်တန်းယူတာကြောင့် ပြတင်းပေါက်ကို တစ်ခါတရံမှာ ပိတ်ဖို့ မေ့နေတတ်ပါတယ်။ အဲဒီအခါ အိမ်ဖောက်ထွင်းသူခိုးတွေအတွက် အများကြီးလွယ်ကူသွားစေမှာပါ။
Zombie (lovemedia)
0 Comments