အိမ်မွေးတိရစ္ဆာန်လေးတွေကို အသက်ရှည်စေဖို့ နည်းလမ်းများ

အိမ်မွေးတိရစ္ဆာန်လေးတွေက အရမ်းချစ်ဖို့ကောင်းတာကြောင့် အချို့တွေက မိသားစုဝင်လို သဘောထားကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ နေမကောင်းတဲ့အခါမှာလည်း ပိုင်ရှင်တွေက အရမ်းကို စိုးရိမ်ပူပန်ကြပါတယ်။

အဲဒါကြောင့် အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အမြဲကျန်းမာနေစေဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လှုပ်လှုပ်ရှားရှားဖြစ်အောင် ကစားခိုင်းပါ။

ကြောင်လေးတွေ၊ ခွေးလေးတွေရဲ့ စိတ်ရောခန္ဓာကိုယ်ပါ လန်းဆန်းနေအောင်လို့ အတူတူကစားပေးဖို့၊ ကစားခွင့်ပေးဖို့ လိုအပ်ပါတယ်။

လှုပ်ရှားမှုနည်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေက အဝလွန်ခြင်းကို ခံစားရပြီး သက်တမ်းစေ့မနေရပါဘူး။ အဲဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် လှုပ်လှုပ်ရှားရှား ကစားခိုင်းသင့်ပါတယ်။

၂။ သင်းကွပ်ပေးပါ။

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးအတွက် ငယ်ရွယ်တဲ့အချိန်ကတည်းက သင်းကွပ်ပေးသင့်ပါတယ်။ သင်းကွပ်ပေးတဲ့အခါမှာ ရောဂါဖြစ်နိုင်ချေနည်းပါးပြီး အသက်လည်း ပိုရှည်စေပါတယ်။

၃။ နှိပ်နယ်ပေးပါ။

ကြောင်လေးတွေ၊ ခွေးလေးတွေက သူတို့ကို နှိပ်နယ်ပေးတာကို အရမ်းသဘောကျပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ကို နှိပ်နယ်ပေးရင် စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။

၄။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘေးဖြစ်စေမယ့်အရာတွေ ဝေးဝေးမှာထားပါ။

ကြောင်လေးတွေ၊ ခွေးလေးတွေက အရမ်းကို စပ်စုတတ်ပါတယ်။ သူတို့က အသစ်အဆန်းဆိုရင် အရမ်းစူးစမ်းတတ်ကြပါတယ်။ အဲဒါကြောင့် ချောကလက်၊ ကြက်သွန်ဖြူ၊ သူတိုနဲ့ မတည့်တဲ့အပင်တွေကို ဝေးဝေးမှာ ထားသင့်ပါတယ်။

၅။ တိရစ္ဆာန်အထူးကုဆရာဝန်နဲ့ပြသပါ။

ခွေးလေးတွေ၊ ကြောင်လေးတွေက အပြင်ပန်းက ကြည့်ရင် ကျန်းမာနေတယ်ထင်ရပေမယ့် သူတို့မှာ ကျန်းမာရေးပြဿနာတွေ ရှိနေနိုင်ပါတယ်။

အဲဒါကြောင့် နေမကောင်းဖြစ်တဲ့ပုံစံတွေပြလာတဲ့အခါ၊ အမူအရာတွေပြောင်းလာတဲ့အခါမှာ ဆရာဝန်နဲ့ မြန်မြန်ပြသပေးသင့်ပါတယ်။

၆။ သွားတိုက်ပေးပါ။

လူသားတွေလိုပဲ ခွေးလေးတွေ၊ ကြောင်လေးတွေကိုလည်း သွားတိုက်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့ကို သွားတိုက်ပေးရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် စိတ်ရှည်တဲ့အခါမှာတော့ သွားတိုက်ရမှာကို သူတို့မကြောက်တော့ပါဘူး။

၇။ အမွေးတွေကို ညှပ်ပေးပါ။

ခွေးလေးတွေက သူတို့ကို အမွေးညှပ်ပေးတဲ့အခါ၊ ရေချိုးပေးတဲ့အခါ၊ လက်သည်းတွေကို ညှပ်ပေးတဲ့အခါမှာ ပိုကျန်းမာလာပါတယ်။ အမွေးတွေကို ပုံမှန်ညှပ်ပေးတာက အရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေကို နည်းပါးသွားစေပါတယ်။

၈။ ခွေးလေးတွေ၊ ကြောင်လေးတွေကို အိမ်ထဲမှာပဲ ထားပါ။

ခွေးလေးတွေ၊ ကြောင်လေးတွေကို ငယ်ရွယ်တုန်းမှာ အိမ်ထဲမှာပဲ ဆော့ကစားဖို့ ခွင့်ပြုသင့်ပါတယ်။ အပြင်ထွက်တဲ့အခါ သူတို့အတွက် အန္တရာယ်ပိုများနိုင်ပါတယ်။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် လေကောင်းလေသန့်ရှူရှိုက်ဖို့လည်း လိုအပ်ပါတယ်။

၉။ သူတို့စားတဲ့အစားအစာတွေကို စစ်ဆေးပါ။

ခွေးလေးတွေ၊ ကြောင်လေးတွေကို အစာကျွေးတဲ့အခါမှာ စားသင့်တဲ့ပမာဏအတိုင်းပဲ ကျွေးသင့်ပါတယ်။ အများကြီးစားတဲ့အခါမှာတော့ အဝလွန်ပြီး အသက်လည်း မရှည်နိုင်တော့ပါဘူး။

Bonus

လေ့လာချက်တွေအရ ပိန်တဲ့ကြောင်လေးတွေ၊ ခွေးလေးတွေက ဝတဲ့ခွေးလေးတွေ၊ ကြောင်လေးတွေထက် ပိုပြီး အသက်ရှည်တာကို တွေ့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments