တခါတုန်းက အေးချမ်းတဲ့ မြို့လေးတမြို့မှာ တဦးကို တဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်။ သူတို့ဟာ အမြဲမခွါ တတွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေဝင်ချိန်ကို သွားကြည့် ကြတယ်။ သူတို့က မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တနေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ ကောင်မလေးဟာ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေ ရတယ်။
နေ့ဖက် ဆိုရင် ကောင်လေးက ကောင်မလေးနားမှာ နေပြီး သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက် ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။
အချိန်တွေ တဖြေးဖြေး ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ ပါဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ ကောင်မလေးအပေါ် ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနား သက်ဝင်ပြီး မျှော်လင့်ချက် တခု ပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို "ကောင်မလေးရဲ့ အသက်ကို ကိုယ့်ဘဝနဲ့ လဲလှယ်နိုင်မလား" လို့ မေးတယ်။
ကောင်လေးက တွေဝေမနေဘဲ လဲလှယ်နိုင်ကြောင်း ချက်ချင်း ပြန်ဖြေတယ်။ "ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန် နှိုးလာဖို့ အသင် ပုစဉ်းဘဝနဲ့ သုံးနှစ် အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။ မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတကောင် အသွင် ပြောင်းသွားခဲ့တယ်။ ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ဝင်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန် တဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တပတ်၊ နှစ်ပတ် နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမ မပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။
ကောင်လေးက ပုစဉ်းအသွင်နဲ့ ကောင်မလေး ဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေ ခဲ့ရတယ်။ ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ် အဖြစ် ကောင်မလေးရဲ့ ပခုံးထက်နားကို သူ အရဲစွန့်ပြီး သွားနားလိုက်တယ်။
နူးညံ့တဲ့ တောင်ပံနဲ့ ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။ မျက်စိတမှိတ် အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။
နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက် ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေး တယောက်ကို သူတွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တဝက်တပျက်မှာ အရပ်တန့် ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊ သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့ အကြောင်း၊ ကောင်မလေး ဘဝက အရင်လို ပျော်ရွှင်ချမ်းမြေ့နေပြီ ဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်း ကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရ ပြန်တယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေဝင်၊ နေထွက် ကြည့်တာကို သူအမြဲ တွေ့နေရပေမဲ့ တခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာက လွဲလို့ သူဘာမှ မတတ်နိုင်ခဲ့ဘူး။ ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။
ကောင်မလေးနားမှာ ရစ်ဝဲပျံသန်း ဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုး စကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှုကျပ် စေတယ်။
သုံးနှစ်မြောက် နွေရာသီ မှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပခုံးကို ဆရာဝန် ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယ နမ်းနေတယ်။
ပုစဉ်းရင်ကွဲ တကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ် ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝ သတိမေ့သွား ခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃) နှစ်ဆိုတဲ့ အချိန်ကို ရောက်ဖို့ တရက် အလိုမှာ ကောင်မလေးနဲ့ ဆရာဝန် ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ ပခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝ မရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘဝအသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက ခေါင်းခါပြီး
"ပုစဉ်းအဖြစ်နဲ့ ကျွန်တော် တသက်လုံး နေပါရစေတော့။ တချို့ကံတရားက လက်လွှတ် ဆုံးရှုံးဖို့ စီရင်ပြီးသားပါ။ တချို့ဖူးစာက ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတယောက်ကို ရယူပိုင်ဆိုင် ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
မိတ်ဆွေရဲ့ ပခုံးပေါ်မှာ ပုစဉ်းလေး တကောင် နားခဲ့ဖူး ပါသလား။ phoomyatchal and crd
0 Comments