လိမ္မော်သီးက လူကြိုက်များတဲ့ အသီးတစ်ခုပါပဲ။ လိမ္မော်သီးစားလိုက်ရင် စိတ်လန်းဆန်းသွားပြီး ဗီတာမင်စီလည်း ပါဝင်တာကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ လိမ္မော်သီးကို အရသာရှိသလို လိမ္မော်ခွံကလည်း နေ့စဉ်ဘဝမှာ အရမ်းအသုံးဝင်ပါတယ်။
၁။ အပင်မှာ ခရုတွေမကပ်အောင် ကာကွယ်ပေးခြင်း
ခရုတွေက အပင်တွေမှာ ကပ်ပြီး အပင်ကို စားကြပါတယ်။ အဲဒါကြောင့် အပင်တွေကလည်း မလှမပဖြစ်လာပါတယ်။ ဂေါ်ဖီထုပ်နဲ့ ဆလပ်ရွက်တွေမှာ ခရုတွေ ကပ်နေတဲ့အခါ လိမ္မော်ခွံလေးတွေကို အပင်ပေါ်မှာ ထားပေးလိုက်ပါ။ လိမ္မော်ခွံက ခရုတွေကို ဆွဲဆောင်ပြီး ခရုတွေက ဂေါ်ဖီထုပ်နဲ့ ဆလပ်ရွက်အစား လိမ္မော်ခွံတွေကိုပဲ စားပါတော့တယ်။
၂။ မှိုတွေကို ဖယ်ရှားပေးခြင်း
အိမ်ထဲမှာ လေဝင်လေထွက်မကောင်းဘဲ စိုထိုင်းဆတွေများလာတဲ့အခါမှာ မှိုတွေဖြစ်ပေါ်လာပါတယ်။ အဲဒီအခါ အိမ်တွင်းမှာလည်း အနံ့အသက်တွေ မကောင်းတော့ပါဘူး။ ပုလင်းတစ်လုံးထဲမှာ လိမ္မော်ခွံတွေကို ထည့်ပြီး အပေါ်ကနေ ရှာလကာရည်ကို ပုလင်းအဖုံးအထိ ရောင်အောင် ထည့်လိုက်ပါ။
ပြီးနောက် အဲဒီပုလင်းကို မှိုနံ့တွေထွက်နေတဲ့အခန်းထဲမှာ ၂ ပတ်ကနေ ၄ ပတ်ခန့် ထားလိုက်ပါ။ မှိုစွဲနေတာတွေ လျော့ပါးပြီး အနံ့အသက်ဆိုးတွေလည်း ကင်းစင်သွားပါတယ်။
၃။ အပင်တွေကို ကြောင်မကိုက်အောင် ကာကွယ်ပေးခြင်း
ကြောင်လေးတွေက အပင်လေးတွေနဲ့ ကုတ်ခြစ်ပြီး ကစားရတာကို သဘောကျကြပါတယ်။ ဒါပေမယ့် အိမ်တွင်းစိုက်အလှပင်လေးတွေကို ကြောင်ကိုက်သွားတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်ရမှာပါ။
ဒါကို ဖြေရှင်းဖို့အတွက် လိမ္မော်ခွံလေးတွေကို အိမ်တွင်းစိုက်အပင်တွေမှာ ပွတ်တိုက်ပေးလိုက်ပါ။ ကြောင်လေးတွေက လိမ္မော်အနံ့ကို မကြိုက်တာကြောင့် အပင်နားကို မလာတော့ပါဘူး။
၄။ သကြားတွေကို မာခဲမသွားအောင် ကူညီပေးခြင်း
သကြားအညိုတွေကို သိမ်းထားတာကြာတဲ့အခါမှာ ခဲသွားတတ်ပါတယ်။ သကြားမခဲအောင်လို့ လိမ္မော်ခွံ ၃ ခုလောက်ကို သကြားအိတ်ထဲမှာ ထားလိုက်ပါ။ လိမ္မော်ခွံက သကြားရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ခဲမသွားအောင် ပြုလုပ်ပေးပါတယ်။
၅။ သစ်သားမျက်နှာပြင်တွေကို အရောင်တောက်ပစေခြင်း
သစ်သားပရိဘောဂပစ္စည်း၊ သစ်သားစဉ်းတီတုံးတို့ဟာ အချိန်ကြာလာရင် အရောင်တွေလွင့်ပြယ်လာပါတယ်။ အလွယ်ဆုံးနည်းကတော့ လိမ္မော်ခွံရဲ့အတွင်းဘက်အခြမ်းနဲ့ သစ်သားမျက်နှာပြင်တွေကို ပွတ်တိုက်ပေးပါ။
၆။ ပန်းကန်ဆေးကန်ထဲက အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးခြင်း
ပန်းကန်ဆေးကန်ထဲမှာ အစားအစာအကြွင်းအကျန်တွေက စုမိနေပြီး အချိန်ကြာလာတဲ့အခါ အနံ့အသက်ဆိုးတွေ ထွက်လာပါတယ်။ လိမ္မော်ခွံတွေကို ပန်းကန်ဆေးကန်ထဲကို လောင်းထည့်ပြီး အပေါ်ကနေ ရေနွေးခပ်များများလောင်းချပါ။
ပန်းကန်ဆေးကန်ရဲ့ စတီးရေပိုက်ခေါင်းတွေ အရောင်မွဲနေတဲ့အခါမှာ လိမ္မော်ခွံနဲ့ ပွတ်တိုက်ပေးပါ။ စတီးလက်ကိုင်တွေကိုလည်း လိမ္မော်ခွံနဲ့ ပွတ်ပေးရင် အရင်လို ပြန်လည်တောက်ပလာပါတယ်။
၇။ ကော်ဖီခွက်က ဆေးရခက်တဲ့အစွန်းတွေကို ပြောင်စင်စေခြင်း
ကော်ဖီကို နေ့စဉ်သောက်တဲ့အခါမှာ ကော်ဖီခွက်မှာ အစွန်းတွေ ကျန်ရစ်လာပါတယ်။ ပန်းကန်ဆေးနဲ့ပွတ်တိုက်ပေမယ့်လည်း မပြောင်စင်တော့ပါဘူး။ ကော်ဖီအစွန်းတွေ ပြောင်ဖို့အတွက် လိမ္မော်ခွံနဲ့ ဆားနဲ့ ရောပြီး ခွက်မှာ ပွတ်တိုက်ပေးရုံပါပဲ။
၈။ မိုက်ခရိုဝေ့ဗ်မီးဖိုကို သန့်စင်ပေးခြင်း
မိုက်ခရိုဝေ့ဗ်မီးဖိုမှာ အနံ့ဆိုးတွေ ရှိနေရင် အစားအစာရဲ့ အရည်အသွေးကိုလည်း ထိခိုက်လာစေမှာပါ။ လိမ္မော်ခွံတွေနဲ့ရေကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီး အဲဒီပန်းကန်လုံးကို မိုက်ခရိုဝေ့ဗ်မီးဖိုထဲ ထားလိုက်ပါ။
စက္ကန့် ၆၀ ကြာ အပူပေးပြီးနောက်မှာတော့ မိုက်ခရိုဝေ့ဗ်မီးဖိုထဲမှာ အနံ့အသက်ဆိုးတွေမရှိတော့ဘဲ လိမ္မော်နံ့သင်းသင်းလေး မွှေးပျံ့နေမှာပါ။
၉။ သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်း
လိမ္မော်ခွံ၊ သစ်ရွက်ခြောက်တွေနဲ့ မြက်ခြောက်တွေကို ရောပြီး မြေကြီးထဲမှာ ထည့်ထားလိုက်ပါ။ ပူနွေးတဲ့အပူချိန်မှာထားရင် သဘာဝမြေဩဇာအဖြစ် မြန်မြန်ကူးပြောင်းသွားပါတယ်။
Zombie (lovemedia)
0 Comments