သံလွင်ဆီကို ဟင်းချက်ရာမှာအသုံးပြုတာက ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ အလှအပအတွက်လည်း သံလွင်ဆီကို အသုံးပြုကြပါတယ်။
ဒါ့အပြင် သံလွင်ဆီကို တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်စားပေးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေ များစွာ ရရှိစေပါတယ်။
၁။ အသားအရေကို ပြောင်းလဲသွားစေခြင်း
သံလွင်ဆီက အသားအရေ နီမြန်းတာ၊ ရောင်ရမ်းတာကို လျော့ပါးစေပါတယ်။ သံလွင်ဆီကို တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပေးရုံနဲ့ မျက်နှာက အရေးအကြောင်းတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ သံလွင်ဆီက ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။
၂။ ကိုယ်အလေးချိန်လျော့ကျစေခြင်း
Mediterranean ဝိတ်ချနည်းမှာ သံလွင်ဆီကို စားသုံးပေးတာလည်း ပါဝင်ပါတယ်။ သံလွင်ဆီကို တစ်နေ့လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပေးရုံနဲ့ ကိုယ်အလေးချိန်က သိသိသာသာလျော့ကျလာစေတာပါ။ ဒါပေမယ့် တစ်ဇွန်းထက်ပိုပြီးတော့ မစားသင့်ပါဘူး။
၃။ ဦးနှောက်အတွက် အကျိုးပြုခြင်း
အယ်လ်ဇိုင်းမားရောဂါက ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ သံလွင်ဆီကို နေ့စဉ်စားပေးရင် ဦးနှောက်ဆဲလ်တွေအတွင်း အယ်လ်ဇိုင်းမားရောဂါဖြစ်ပေါ်စေတဲ့ ဆဲလ်အစုအဝေးတွေကို လျော့ကျစေပါတယ်။ သံလွင်ဆီကို ပုံမှန်စားပေးသူက မှတ်ဉာဏ်ပိုမိုကောင်းမွန်လာတာကိုလည်း တွေ့ရပါတယ်။
၄။ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း
သံလွင်ဆီမှာပါဝင်တဲ့ ဓာတုပစ္စည်းက အဆစ်ရောင်နာကို ခံစားနေရသူတွေအတွက် သက်သာစေပါတယ်။ သံလွင်ဆီကို ငါးကြီးဆီနဲ့ ပေါင်းစပ်ပြီးစားရင် ပိုပြီး ကောင်းမွန်ပါတယ်။ သဘာဝသံလွင်ဆီစစ်စစ်က မနက်ပိုင်းမှာ အဆစ်နာတာကို သက်သာစေပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။
၅။ ရောင်ရမ်းနာကျင်တာကို သက်သာစေခြင်း
ဆောင်းရာသီမှာ နှုတ်ခမ်းအက်ကွဲတာကို ခံစားရလေ့ရှိပါတယ်။ အရေပြားနဲ့ပတ်သက်ပြီး ရောင်ရမ်းနာကျင်တာတွေကို သံလွင်ဆီက ကုစားပေးနိုင်ပါတယ်။ သံလွင်ဆီကို တစ်နေ့လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပေးရုံနဲ့ အရေပြားပြဿနာတွေကို အနည်းငယ်လျော့ပါးသွားနိုင်ပါတယ်။
၆။ အူကျန်းမာရေးအတွက် ကောင်းမွန်ခြင်း
အစာအိမ်ထဲမှာ နေထိုင်တဲ့အချို့သော ဘက်တီးရီးယားတွေကြောင့် အစာအိမ်ထဲမှာ အနာတွေ ဖြစ်ပေါ်လာပါတယ်။ သံလွင်ဆီက အဲဒီဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
တစ်ရက်ကို သံလွင်ဆီ ၃၀ ဂရမ်ခန့်စားသုံးပေးရုံနဲ့ အစာအိမ်ထဲက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို ၁၄ ရက်အတွင်း ဖယ်ရှားပေးပါတယ်။
၇။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း
သံလွင်ဆီစစ်က သွေးတွင်းက သကြားဓာတ်ကို နည်းပါးသွားစေပါတယ်။ ဒါ့အပြင် သံလွင်ဆီက ဆီးချိုအမျိုးအစား ၂ ကိုလည်း ကာကွယ်ပေးပါသေးတယ်။ သံလွင်ဆီကို ပုံမှန်စားပေးရုံနဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းကို လျှော့ချပြီးသားဖြစ်စေပါတယ်။
Zombie (lovemedia)
0 Comments