ဟင်းချက်တဲ့အခါ အသုံးပြုတဲ့အိုးခွက်ပန်းကန်တွေက အချိန်ကြာလာတာနဲ့အမျှ မတောက်ပြောင်နိုင်တော့ပါဘူး။ ညစ်ပတ်လာတာ၊ ချိုးတွေကပ်နေတာ၊ သံချေးတက်နေတာမျိုး ဖြစ်ပေါ်လေ့ရှိပါတယ်။

ဟင်းချက်အသုံးအဆောင်ပစ္စည်းတွေကို အရင်ကလို ပြန်လည်တောက်ပလာဖို့ သန့်ရှင်းပေးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ချိုးကပ်နေတဲ့အိုး

မီးဖို့ကို အပူပေးပြီး ချိုးကပ်နေတဲ့အိုးထဲကို ရေအနည်းငယ်ထည့်လိုက်ပါ။ ပန်းကန်ဆေးဆပ်ပြာရည်အနည်းငယ်ထည့်လိုက်ပြီး ရေဆူပွက်လာ‌အောင် တည်လိုက်ပါ။

ရေပွက်လာတဲ့အခါမှာ မီးဖိုကို ပိတ်လိုက်ပြီး အအေးခံထားလိုက်ပါ။ အိုးထဲက ရေတွေကို သန်လိုက်ပြီးတော့ အိုးကို ပွတ်တိုက်ဆေးကြောလိုက်လို့ရပါပြီ။ အဲဒီအခါ ချွတ်ရခက်တဲ့ ချိုးတွေ ကွာကျလာပါတယ်။

၂။ အစွန်းအထင်းတွေ ကပ်နေတဲ့ ဇွန်း

ဇွန်းတွေကို အသုံးပြုပါများတဲ့အခါမှာတော့ အစွန်းအထင်းတွေက ကပ်လာပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ထည့်ပါ။

ရေအနည်းငယ်ထပ်ထည့်ပြီး ပျစ်လာတဲ့အထိ မွှေပေးပါ။ ပြီးနောက် အဲဒီအနှစ်ကို အစွန်းအထင်းတွေ ရှိနေတဲ့ ဇွန်း၊ ခက်ရင်းတွေမှာ ပွတ်တိုက်ပေးပြီး အဝတ်တစ်ခုနဲ့ သုတ်ပေးလိုက်ရုံပါပဲ။

၃။ သံချေးတက်နေတဲ့ဓား

ဓားကို ဓားသွေးကျောက်နဲ့ ပွတ်တိုက်လိုက်ပါ။ ဖန်ခွက်တစ်ခွက်ထဲကို ရှာလကာရည်ထည့်ပြီး ဓားကို ၅မိနစ်ကြာ စိမ်ထားလိုက်ပါ။ ပြီးနောက် ဓားကို ထုတ်လိုက်ပြီး ပန်းကန်ဆေးဖော့နဲ့ ပွတ်တိုက်လိုက်ရင် သံချေးတက်နေတာတွေ ပြောင်သွားပါတယ်။

၄။ မုန့်ထည့်တဲ့ဗန်း

မုန့်လုပ်တဲ့အခါ အသုံးပြုတဲ့ ဗန်းတွေ ညစ်ပတ်လာတဲ့အခါမှာ ဗန်းတစ်ခုလုံးကို မုန့်ဖုတ်ဆော်ဒါနဲ့ နှံ့အောင် ပွတ်တိုက်ပေးပါ။ မုန့်ဖုတ်ဆော်ဒါပေါ်ကို ရှာလကာရည်အနည်းငယ်လောင်းပြီး ပန်းကန်ဆေးဖော့နဲ့ သန့်ရှင်းပေးပါ။ မိနစ် ၃၀ ကြာအောင် ထားပြီးတဲ့နောက်မှာ ဗန်းကို ရေနဲ့ ဆေးကြောလိုက်လို့ရပါပြီ။

၅။ ဆေးကြောရခက်နေတဲ့ ဒယ်အိုး

ဒယ်အိုးကို ရေနွေးနဲ့ ဆေးချလိုက်ပါ။ ဆားနဲ့ ရေအနည်းငယ်ထပ်ထည့်ပြီး ပန်းကန်ဆေးဖော့နဲ့ ပွတ်တိုက်ပေးပါ။ ဒယ်အိုးကို ရေနဲ့ ဆေးချပြီး ခြောက်သွေ့သွားအောင် သုတ်လိုက်ပါ။

ဒယ်အိုးကို မီးဖိုပေါ်မှာ ပူလာတဲ့အထိ တင်ထားပါ။ ဒယ်အိုးပူလာတာနဲ့ မီးဖိုကို ပိတ်ပြီး canola ဆီ ထည့်ပြီး ပိုနေတဲ့ ဆီတွေကို သုတ်လိုက်ပါ။

Zombie (lovemedia)