လူကြီးတွေက ကလေးတွေကို လိမ်ညာပြောတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးများ

ကလေးတွေရဲ့စိတ်က ဖြူစင်တာကြောင့် အရောင်ဆိုးဖို့အတွက် လွယ်ကူပါတယ်။ လူကြီးမိဘတွေက ကလေးတွေကို လိမ်ညာပြောတဲ့အခါ ကလေးတွေရဲ့ အနာဂတ်အထိပါ ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။

ကလေးတွေကို လိမ်ညာပြောတာက ဘယ်လိုအန္တရာယ်ရှိစေနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

လိမ်ညာပြောတာက ကလေးတွေကို စိတ်ပူပန်မှု ဖြစ်ပေါ်စေပါတယ်။

မိဘတွေက ကလေးတွေကို အကြောင်းအမျိုးမျိုးကြောင့် မဖြစ်သာဘဲ လိမ်ညာပြောလိုက်ရတာတွေ ရှိနိုင်ပါတယ်။ လိမ်ညာပြောလိုက်တာက ခဏတာတော့ အဆင်ပြေသွားနိုင်ပါတယ်။

ဒါပေမယ့် ခဏခဏလိမ်ပြောရင်တော့ ကလေးတွေမှာ စိတ်ပူပန်မှုတွေ ဖြစ်ပေါ်စေပါတယ်။ မိဘတွေက ပန်းခြံခေါ်သွားမယ်ဆိုပြီး ဆေးခန်းကို ခေါ်သွားရင် ကလေးတွေက မိဘတွေကို ယုံကြည်မှုနည်းလာပါတယ်။

အရွယ်ရောက်ပြီးသူတွေကတော့ မုသားဖြူတွေကို နားလည်ပေးနိုင်ပေမယ့် ကလေးတွေအတွက်ကတော့ ကြီးကြီးမားမားပူပန်မှုတွေ ရလာစေပါတယ်။

မိဘနဲ့ကလေးကြားမှာ ဆက်ဆံရေးထိခိုက်လာခြင်း

လူကြီးမိဘတွေရဲ့ လိမ်ညာပြောတဲ့စကားကြောင့် မိဘနဲ့ကလေးကြား ဆက်ဆံရေးတွေ မကောင်းနိုင်တော့ပါဘူး။

ကလေးတွေက ငယ်ရွယ်စဉ်မှာ လူကြီးတွေပြောတဲ့စကားကို ဘာမှမစဉ်းစားတော့ဘဲ နားထောင်လိုက်တတ်ပါတယ်။ ဒါပေမယ့် မိဘတွေက ခဏခဏလိမ်ညာပြောတဲ့အခါမှာတော့ ကလေးတွေအတွက် စိတ်ခံစားရစေပါတယ်။

လိမ်ညာခံရတဲ့ကလေးတွေက အခြားသူတွေကိုပါ လိမ်တတ်လာခြင်း

မိဘတွေပြုလုပ်တဲ့အပြုအမူတွေကို ကလေးတွေက အတုခိုးပါတယ်။ မိဘတွေက ကတိမတည်ဘဲ လိမ်ညာပြောရင် ကလေးတွေက လိမ်ညာပြောရတာကို မကောင်းတဲ့အလုပ်လို့ မမြင်တော့ပါဘူး။ အဲဒါကြောင့် ရွယ်တူတွေအပြင် အခြားသူတွေအပေါ်မှာပါ လိမ်ညာပြောတတ်လာပါတယ်။

မိဘတွေက ကလေးတွေကို အလွယ်တကူလိမ်ညာမပြောဘဲ၊ အလွယ်တကူကတိမပေးဘဲ ကလေးတွေနားလည်မယ့်စကားလုံးတွေနဲ့ အကြောင်းပြချက်တွေကိုပဲ ပေးသင့်ပါတယ်။ လိမ်ညာမပြောတတ်တဲ့သူက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အမြဲရှိနေပါတယ်။

အရွယ်ရောက်လာတဲ့အခါမှာ ပေါင်းသင်းဆက်ဆံရေးခက်ခဲလာခြင်း

လိမ်ပြောတာက ပြဿနာဖြေရှင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ လိမ်ပြောလိုက်တာကြောင့် ပြဿနာတွေက ပိုပြီးတော့တောင် ဖြေရှင်းရခက်သွားပါတယ်။ ကလေးတွေက လိမ်ညာပြောတာနဲ့ယဉ်ပါးသွားရင် အသက်ကြီးတဲ့အထိ လိမ်ညာရတာကို အကျင့်ပါသွားပါတယ်။

လိမ်ညာပြောတာကြောင့် အလုပ်လုပ်တဲ့အခါ၊ လူအများနဲ့ပေါင်းသင်းတဲ့အခါမှာ အခက်အခဲတွေ ကြုံတွေ့လာရပါတယ်။ အမြဲလိုလို ရှက်ရွံ့ပြီး အပြစ်ရှိသလိုလည်း ခံစားနေရမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments