အရမ်းစပ်နေတဲ့ဟင်းတွေကို အစပ်အရသာလျော့အောင် ဒီနည်းလမ်း (၆) ခုကို အသုံးပြုပါ

ဟင်းချက်တဲ့အခါမှာ တစ်ခါတရံ ငရုတ်သီးတွေ အထည့်များပြီး စပ်သွားတတ်ပါတယ်။ ကျွမ်းကျင်တဲ့စားဖိုမှူးကြီးတွေတောင် ဟင်းချက်တဲ့အခါမှာ အလွဲအမှားလေးတွေ ပြုလုပ်တတ်ပါတယ်။

ဟင်းထဲမှာ အစပ်များသွားတဲ့အခါမှာ ဟင်းကို ပစ်လိုက်စရာမလိုဘဲ အစပ်လျော့အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နို့ထွက်ပစ္စည်းများကို အသုံးပြုပါ။

နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားတို့၊ ချဉ်ပြုံးပြုုံးခရင်မ်၊ ဒိန်ချဉ်‌၊ ထောပတ်တို့ကို အစပ်များနေတဲ့ဟင်းထဲကို လိုသလို ရောထည့်လိုက်ပါ။ နို့ထွက်ပစ္စည်းတွေက ဟင်းချက်တဲ့အခါ အရမ်းစပ်နေတာကို လျော့ပါးသွားစေပါတယ်။ အစပ်များနေတဲ့ဟင်းထဲကို အုန်းနို့ထည့်လိုက်ရင်လည်း အစပ်လျော့သွားပါတယ်။

၂။ ချဉ်တဲ့အရာတစ်ခုခု ထပ်ထည့်ပါ။

ထိုင်းနိုင်ငံမှာတော့ ဒီနည်းကို အသုံးများပါတယ်။ ဟင်းပွဲမှာ အစပ်တွေ အရမ်းများတဲ့အခါ ရှာလကာရည် သို့မဟုတ် အချဉ်ရည်လေးကို ရောထည့်ပါတယ်။ ခရမ်းချဉ်သီး သို့မဟုတ် နာနတ်သီးကို တောက်တောက်စင်းပြီးတော့လည်း ထည့်လို့ရပါတယ်။

၃။ ချိုတဲ့အရာတစ်ခုခု ထပ်ထည့်ပါ။

အစပ်များတဲ့ဟင်းတွေထဲကို နို့ထွက်ပစ္စည်းတွေ ထည့်လို့ရသလို ချိုတဲ့အရာတွေလည်း ထည့်လို့ရပါတယ်။ ပျားရည်၊ သကြားရည်နဲ့ ချိုတဲ့အရသာရှိတဲ့ဆော့စ်တို့ကို ထည့်လိုက်ရုံပါပဲ။ ချိုတဲ့အရာတွေကို အနည်းငယ်ပဲ ထည့်သင့်ပါတယ်။ အများကြီးထည့်လိုက်ရင် အရသာက ပိုဆိုးသွားတတ်ပါတယ်။

၄။ မြေပဲထောပတ်

နောက်ထပ်နည်းလမ်းတစ်ခုကတော့ မြေပဲထောပတ်ပါ။ အာရှခေါက်ဆွဲဟင်းလျာတွေမှာ အစပ်တွေများသွားရင် မြေပဲထောပတ်တစ်ဇွန်းလောက် ရောထည့်ပါတယ်။

မြေပဲထောပတ်မှာပါဝင်တဲ့အဆီက အစပ်တွေကို နည်းပါးသွားစေပါတယ်။ မြေပဲနဲ့ဓာတ်မတည့်သူတွေကတော့ မြေပဲထောပတ်ကို မသုံးသင့်ပါဘူး။

၅။ အစားအစာတစ်ခုခုနဲ့ ရောပြီးတော့စားပါ။

တစ်ခါတရံမှာ အစပ်ဟင်းလျာက အရမ်းကို အရသာရှိနေပေမယ့် အစပ်မစားနိုင်တဲ့အခါမှာတော့ အခက်တွေ့နေတတ်ပါတယ်။ အစပ်များနေတဲ့ဟင်းထဲကို ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူးကြော်စတဲ့ အစားအစာတွေနဲ့ အတူရောစားတဲ့အခါမှာ စပ်တာ အရမ်းမသိသာတော့ပါဘူး။

၆။ ပါဝင်ပစ္စည်းတွေကို ထပ်ထည့်လိုက်ပါ။

ဟင်းက အရမ်းစပ်နေတဲ့အခါ ဟင်းကို များသွားအောင်လို့ ပါဝင်ပစ္စည်းတွကို ထပ်ထည့်လိုက်ပါ။ ပါဝင်ပစ္စည်းတွေ ထပ်ထည့်လိုက်ရင် စပ်တဲ့အရသာက ပေါ့သွားပါတယ်။ ဟင်းသီးဟင်းရွက်၊ ပဲ၊ ပြောင်းဖူး၊ ပြောင်းဖူးမှုန့် စတဲ့အရာတွေက အစပ်တွေကို စုပ်ယူပေးပါတယ်။

ဟင်းချက်တဲ့အခါမှာ အရမ်းမစပ်သွားစေဖို့

- အစပ်တွေကို နည်းနည်းချင်းစီပဲ ထည့်ပါ။

- ဟင်းကို အပူချိန်များများနဲ့ချက်တဲ့အခါ ဟင်းထဲမှာပါဝင်တဲ့အရည်တွေ အငွေ့ပြန်ပြီး အစပ်အရသာက ပိုသိသာလာပါတယ်။

- အစပ်စားပြီးတဲ့အခါ အစပ်ပြေအောင်လို့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကိုးမှုန့်တို့ကို မသောက်သင့်ပါဘူး။ အဲဒီအခါ အစပ်အရသာက ပိုပေါ်လွင်လာပါတယ်။ အအေးသောက်တာက အစပ်ကို လျော့ပါးစေပါတယ်။

Bonus

- ဟင်းထဲမှာ ဆားများပြီး ငန်သွားတဲ့အခါ ချဉ်တဲ့အရာတစ်ခုခု သို့မဟုတ် သကြားအနည်းငယ်ထပ်ထည့်ပါ။ ဒါမှမဟုတ် အသီးအရွက်နဲ့ ခေါက်ဆွဲတို့ကိုလည်း ထည့်နိုင်ပါတယ်။

- ဟင်းက အရမ်းချဉ်သွားတဲ့အခါမှာ မုန့်ဖုတ်ဆိုဒါအနည်းငယ် သို့မဟုတ် သကြားအနည်းငယ်ရောထည့်လိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments