ယင်ကောင်တွေက အစားအစာတွေပေါ်မှာ နားပြီး ဘယ်လိုအရာတွေကို လုပ်လေ့ရှိလဲ

အစားအစာတွေပေါ်မှာ ယင်ကောင်တွေ နားတဲ့အခါ ချက်ချင်းမောင်းထုတ်လေ့ ရှိကြပါတယ်။ ယင်ကောင်တွေက အစားအစာတွေမှာ ခဏလေး နားပေမယ့် သူတို့လုပ်သွားတဲ့အရာတွေက တကယ်ကို အော်ဂလီဆန်စရာပါပဲ။

အဲဒါကြောင့် ယင်ကောင်နားတဲ့ အစားအစာတွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

၁။ အစားအစာတွေပေါ်မှာ အန်သွားခြင်း

ယင်ကောင်တွေက အစားအစာတွေကို သူတို့ရဲ့နှာမောင်းနဲ့ ထိုးပြီး စားသောက်ကြပါတယ်။ အဲဒီလို နှာမောင်းနဲ့ထိုးပြီး စားသောက်ဖို့အတွက် တံတွေးလိုအပ်ပါတယ်။

ယင်ကောင်တွေရဲ့တံတွေးတွေမှာ အစားအစာအပုပ်အသိုးတွေ၊ မစင်တွေတောင် ပါဝင်ပါတယ်။ ဒါ့အပြင် ယင်ကောင်တွေက အစားအစာအသစ်ကို စားချင်ရင် အရင်စားထားတဲ့ အစားအစာအဟောင်းတွေကို အန်ချတတ်ပါတယ်။

၂။ အစားအစာတွေအပေါ်မှာ ဥဥခြင်း

အစားအစာအပုပ်အသိုးတွေက ယင်ကောင်တွေ ဥချဖို့ အကောင်းဆုံးနေရာပါ။ ယင်ကောင်တွေက အစားအစာတွေမှာ နားပြီး ဥတွေ ဥသွားတတ်ကြပါတယ်။

ယင်ဥတွေက လူသားတွေအတွက်တော့ အရမ်းကို အန္တရာယ်ရှိပါတယ်။ ယင်မနားအောင်လို့ အစားအစာတွေကို အမြဲတမ်းဖုံးအုပ်ထားသင့်ပါတယ်။

၃။ ယင်ကောင်တွေရဲ့ ခြေထောက်နဲ့ တောင်ပံတွေမှာ ဘက်တီးရီးယားတွေ ပါဝင်နေခြင်း

ယင်နားတဲ့အစားအစာတွေက တကယ်ကို ရှောင်ကြဉ်သင့်တဲ့အစားအစာတွေပါ။ ဘာ့ကြောင့်လဲဆိုတော့ ယင်ကောင်တွေရဲ့ ခြေထောက်နဲ့ တောင်ပံတွေမှာ ဘက်တီးရီးယားတွေက အသိုက်ဖွဲ့ပြီး နေထိုင်တာကြောင့်ပါ။

အစားအစာတွေပေါ်မှာယင်နားရင် အဲဒီဘက်တီးရီးယားတွေကလည်း အစားအစာပေါ်ကို ကျသွားပါတယ်။

၄။ ယင်ကောင်တွေက ရောဂါပိုးများစွာကို သယ်ဆောင်ခြင်း

ယင်ကောင်တွေက အကောင်သေးပေမယ့် လူကို ဒုက္ခပေးနိုင်ပါတယ်။ ယင်ကောင်တွေက ကူးစက်ရောဂါပေါင်း အနည်းဆုံး ၆၅ မျိုးခန့်ကို သယ်ဆောင်နိုင်ပါတယ်။

ယင်ကောင်တွေက ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါနဲ့ အနာကြီးရောဂါပိုးကိုတောင် သယ်ဆာင်နိုင်ပါတယ်။ ယင်ကောင်ကြောင့် လူသားတွေတင်မကဘဲ ကြက်နဲ့ဝက်တွေမှာလည်း ကူးစက်ရောဂါတွေ ခံစားရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments