Daniel Correa မှာ Luna ဆိုတဲ့ ၅ နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ အဲဒီသမီးလေးကို သူတစ်ယောက်တည်းအားနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ၂၀၁၆ ခုနှစ်တုန်းက သူရဲ့အမျိုးသမီး Stella Noleto က သွေးလေးဖက်နာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အမေမရှိတော့တဲ့သမီးလေးအတွက် Daniel က ဒီတစ်သက်မမေ့နိုင်တော့မယ့်အမှတ်တရကို ဖန်တီးပေးခဲ့ပါတယ်။
၂၀၁၆ ခုနှစ် Stella Noleto ကွယ်လွန်ခဲ့စဉ်က Daniel Correa ဟာ အကောင်းဆုံးအဖေအဖြစ် သမီးလေးကို စောင့်ရှောက်မယ်လို့ ကတိပေးကြောင်း၊ ၈ နှစ်တာလုံး ပျော်ရွှင်စေခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းကို facebook မှာ တင်ခဲ့ပါတယ်။
အဲဒီကတိတွေက အပြောသက်သက်ပဲ မဟုတ်ခဲ့ပါဘူး။ Daniel Correa က သမီးဖြစ်သူအတွက် ချစ်ခြင်းမေတ္တာတွေအားလုံးပေးထားခဲ့ပါတယ်။ Daniel Correa က အသက် ၃၃ နှစ်ပဲ ရှိသေးပေမယ့်လည်း နောက်အိမ်ထောင်မပြုတော့ဘဲ သူ့ရဲ့စိတ်ရောကိုယ်ပါ သမီးလေးကို စောင့်ရှောက်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ Luna က ကျောင်းမှာ အမေများနေ့ကပွဲရှိကြောင်း၊ အဖေ့ကို အမေတစ်ယောက်လို ဝတ်ဆင်ပြီး ပွဲကိုတက်စေချင်ကြောင်း တောင်းဆိုခဲ့ပါတယ်။ အစပိုင်းမှာတော့ Daniel Correa က သမီးကို ကတိမပေးလိုက်သေးပါဘူး။
အဘွားကိုပဲဖြစ်ဖြစ်၊ အဒေါ်ကိုပဲဖြစ်ဖြစ် ကပွဲကို တက်ပေးဖို့ အကူအညီတောင်းမယ်လို့ တွေးထဦးခဲ့ပါတယ်။ ဒါပေမယ့် Luna က အဖေဖြစ်သူကိုပဲ တက်စေချင်တာကြောင့် သမီးရဲ့ဆန္ဒကို လိုက်လျောပေးခဲ့ပါတယ်။
Luna က အဖေဖြစ်သူကို ကပွဲတက်ပေးဖို့ မျက်ရည်တွေနဲ့ တောင်းဆိုခဲ့တာပါ။ ဒါ့အပြင် သူ့အဖေရဲ့ မုတ်ဆိတ်တွေကိုလည်း ပန်းရောင်ဆိုးလာပေးဖို့၊ ရွှေရောင်ဆံပင်တုတပ်လာပေးဖို့လည်း တောင်းဆိုပါသေးတယ်။
အဲဒါကြောင့် Daniel Correa က သမီးဖြစ်သူတောင်းဆိုသမျှကို လိုက်လျောပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Daniel Correa က သမီးဖြစ်သူရဲ့ကျောင်းကပွဲကို ဆံပင်တုတွေ တပ်လာရုံမက အမေတစ်ယောက်လိုပါ ဝတ်ဆင်လာခဲ့ပါတယ်။
အဲဒီနေ့မှာတော့ Luna က အပျော်ဆုံးဖြစ်နေခဲ့ပါတယ်။ သူတို့သားအဖနှစ်ယောက် ပျော်နေပုံကို မြင်နေရတဲ့ဘေးကလူတွေကတော့ မျက်ရည်တွေနဲ့ပါပဲ။
Zombie (lovemedia)
0 Comments