လူသားတွေက ချစ်နေတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်နိုင်ကြပေမယ့် မချစ်တော့တဲ့အခါမှာတော့ အသက်ရှူသံပြင်းတာကအစ အပြစ်တွေမြင်လာတတ်ကြပါတယ်။
မုန်းသွားကြတဲ့အခါမှာတော့ အဲဒီလူနဲ့ပတ်သက်ပြီး ဘာကောင်းကျိုးကိုမှ လုပ်ပေးချင်တော့မှာ မဟုတ်ပါဘူး။ Colleen ဆိုတဲ့ အမျိုးသမီးလေးက သူ့ကို သစ္စာဖောက်သွားတဲ့ ရည်းစားရဲ့အသက်ကို ကယ်ခဲ့ရတာတောင် နောင်တမရခဲ့ပါဘူး။
၂၀၁၆ ခုနှစ်မှာ Colleen က သူမရဲ့ကျောက်ကပ်ကို သူမရဲ့ရည်းစားကို လှူပေးခဲ့ပါတယ်။
Colleen ရဲ့အဖြစ်အပျက်လေးက Tik Tok မှာ လျင်လျင်မြန်မြန်ပျံ့နှံ့သွားခဲ့ပါတယ်။ Colleen နဲ့ သူမရဲ့ရည်းစားတို့က ၂၀၁၅ ခုနှစ်မှာ စတင်တွဲခဲ့ပါတယ်။ သူမရဲ့ရည်းစားက အဲဒီအချိန်ကတည်းက နာတာရှည်ကျောက်ကပ်ရောဂါကို ခံစားနေခဲ့ရတဲ့သူပါ။
လူတွေက တကယ်ချစ်သွားတဲ့အခါမှာ ဘာမဆိုလုပ်ပေးချင်ကြပါတယ်။ အဲဒါကြောင့် Colleen က သူမရဲ့ကောင်လေးအသက်ကို ကယ်နိုင်ဖို့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သူမချစ်တဲ့သူ ခံစားနေရတာကို မကြည့်ရက်လို့ ကျောက်ကပ်လှူနိုင်ဖို့အတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ သူမရဲ့ချစ်သူအသက်ကို ကျောက်ကပ်နဲ့ တကယ်ပဲ ကယ်တင်နိုင်မယ်ဆိုတာကို ယုံကြည်လို့ပါ။
၂၀၁၆ ခုနှစ် မေလမှာ Colleen က ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပြီး သူမရဲ့ကျောက်ကပ်ကို ရည်းစားထံ ပေးလှူခဲ့ပါတယ်။ ဒါကတော့ Colleen ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ပါပဲ။
သူမရဲ့ဆုံးဖြတ်ချက်အတွက် ကြောက်ရွံမှုမရှိဘဲ ရဲရဲဝံ့ဝံ့ပေးလှူခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာ သူမရဲ့ချစ်သူကို နေကောင်းပြီး ကျန်းမာနေတာကို မြင်တွေ့ချင်တာကြောင့်ပါ။
ကျောက်ကပ်ပေးလှူပြီးနောက်ပိုင်းမှာတော့ ထင်မထားတာတွေ ဖြစ်လာခဲ့ပါတယ်။
ခွဲစိတ်ကုသမှုအပြီး ၇ လအကြာမှာတော့ သူမရဲ့ရည်းစားက Vegas မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့လူပျိုပါတီကို သွားခဲ့ပါတယ်။ သူမရဲ့ကောင်လေးက ခရီးသွားလို့လည်း စိတ်ပူတာ၊ သဝန်တိုတာတွေမဖြစ်ဘဲ အေးအေးဆေးဆေးပါပဲ။
ဒါပေမယ့် သူမရဲ့ကောင်လေးက ခရီးသွားနေတုန်း သူမကို သစ္စာဖောက်မိကြောင်း ဝန်ခံခဲ့ပါတယ်။ Colleen အတွက်တော့ လုံးဝကို ခံစားခဲ့ရတဲ့အချိန်တွေပါပဲ။ Colleen က နာကျင်ခံစားရပေမယ့် သူမရဲ့ကောင်လေးကို ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့ပါတယ်။
ဒုတိယအကြိမ် အခွင့်အရေးပေးခဲ့ပေမယ့်လည်း အလကားဖြစ်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၃ လအကြာမှာ စကားများရန်ဖြစ်ခဲ့ကြပြီး ပြတ်စဲသွားခဲ့ကြပါတယ်။ သူမရဲ့ကောင်လေးက ဖုန်းကို block သွားခဲ့ပြီး လုံးဝကို အတွေ့မခံတော့ပါဘူး။
ဒါပေမယ့် Colleen က ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူပြီး နောင်တလည်း မရခဲ့ပါဘူး။
Colleen က သစ္စာဖောက်ခံရတဲ့ဒဏ်ရာကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာပြီး ဒီလိုရင်နာစရာဇာတ်လမ်းကိုလည်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပြန်ပြောပြနိုင်ခဲ့ပါတယ်။
လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူပြီး သစ္စာဖောက်ခံရတဲ့အတွက်လည်း နောင်တမရခဲ့ကြောင်း Colleen က ဖော်ပြထားပါတယ်။
အခုတော့ Colleen မှာ တည်ငြိမ်တဲ့အချစ်ရေးကို ပိုင်ဆိုင်နေပြီဖြစ်ပြီး အရင်ကထက်တောင် ပျော်ရွှင်နေပါပြီ။ Colleen အတွက်တော့ သစ္စာဖောက်ခံရတယ်လို့ မတွေးတော့ဘဲ လူတစ်ယောက်ရဲ့အသက်ကို ဆက်ပေးနိုင်ခဲ့လို ယနေ့ထက်အထိ ဂုဏ်ယူနေဆဲပါပဲ။
Zombie (lovemedia)
0 Comments