အချို့တွေက အိပ်စက်တဲ့အခါမှာ အိပ်မက်တွေကို တစ်ခါတရံမှသာ မက်လေ့ရှိကြပါတယ်။ အချို့တွေကတော့ ညစဉ်ညတိုင်းလိုလို အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ နေရာသစ်တွေကို ရောက်သွားလေ့ရှိသလို လူဟောင်းတွေကိုလည်း ပြန်တွေ့ရတတ်ပါတယ်။
အချို့အိပ်မက်တွေ ရုပ်ရှင်တစ်ကားကို ကြည့်နေရသလို စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရ အိပ်မက်ထဲမှာ မပြုလုပ်နိုင်တဲ့အရာ ၆ မျိုးရှိပါတယ်။
၁။ ဖုန်း
လေ့လာချက်တွေအရ အမျိုးသမီး ၃.၅၅ ရာခိုင်နှုန်းက အိပ်မက်ထဲမှာ ဖုန်းကို မြင်မက်ကြပါတယ်။ လူအများစုကတော့ အိပ်မက်ထဲမှာ ဖုန်း၊ ကွန်ပျူတာတို့ကို မြင်မက်လေ့မရှိပါဘူး။
လူသားတွေရဲ့ဦးနှောက်က အိပ်မက်ထဲမှာ ဖုန်းနဲ့ ရင်းနှီးမှု သိပ်မရှိပါဘူး။ ဒါပေမယ့် ဘဝမှာ ချစ်ရတဲ့သူတစ်ယောက်ယောက်ကို ဆုံးရှုံးပြီးနောက်မှာတော့ ဖုန်းကို မြင်မက်လာလေ့ရှိပါတယ်။
၂။ စာရေးခြင်း၊ စာဖတ်ခြင်း
လူသားတွေရဲ့ ဦးနှောက်က အိပ်မက်ထဲမှာ စာဖတ်တာ၊ စာရေးတာတို့ ပြုလုပ်တဲ့နေရာမှာ အားနည်းလေ့ရှိပါတယ်။ အိပ်မက်ထဲမှာ စာလုံးတွေကို မြင်နေရင်တောင် နားလည်ဖို့၊ ခွဲခြားဖို့ ခက်ခဲနေတတ်ပါတယ်။
ဒါပေမယ့် စာရေးဆရာ၊ ကဗျာဆရာတွေကတော့ အိပ်မက်ထဲမှာ ဘာသာစကားစွမ်းရည်မြင့်ပြီး စိတ်ကူးအသစ်တွေတောင် ရရှိလာပါတယ်။
၃။ သူစိမ်းတစ်ယောက်နဲ့ တွေ့ဆုံခြင်း
လေ့လာချက်တွေအရ အပြင်မှာတစ်ခါမှ မဆုံဖူးတဲ့သူတစ်ယောက်ကို အိပ်မက်ထဲမှာ မက်လေ့မရှိပါဘူး။ အိပ်မက်ထဲမှာ မြင်မက်လေ့ရှိတဲ့သူစိမ်းတွေကလည်း အပြင်မှာ ဆုံဖူးတဲ့သူတွေပဲဖြစ်ပါတယ်။
လက်တွေ့ဘဝမှာ ကြုံတွေ့ရတဲ့အကြောင်းအရာတွေပေါ်မှာမူတည်ပြီး အိပ်မက်မက်လေ့ရှိကြပါတယ်။ အိပ်မက်ထဲမှာ သူစိမ်းတွေမြင်မက်ရင်တောင် အပြင်မှာ မြင်ဖူးနေကျသူတွေရဲ့ မျက်နှာအစိတ်အပိုင်းတွေ ပေါင်းစပ်ပြီး မြင်မက်တာဖြစ်ပါတယ်။
၄။ ကိုယ်လက်လှုပ်ရှားမှုများ
အိပ်မက်တွေ မြင်မက်နေချိန်မှာ ကြွက်သားတွေက အနားယူနေပါပြီ။ အဲဒါကြောင့် အိပ်မက်ထဲမှာ ပြေးတာ၊ ကစားတာ၊ ရေကူးတာ၊ ခန္ဓာကိုယ်လှုပ်ရှားရတဲ့အရာတွေကို မြင်မက်ဖို့ ခက်ပါတယ်။ အိပ်မက်ထဲမှာ ခပ်နှေးနှေးလှုပ်ရှားရတာကိုပဲ မြင်မက်လေ့ရှိပါတယ်။
၅။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ခြင်း
အိပ်မက်ထဲမှာ မှန်ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်တွေ့နိုင်ဖို့ ခက်ခဲပါတယ်။ ကိုယ့်မျက်နှာကို မမြင်ရဘဲ ဝေဝါးနေတာ၊ အခြားတစ်ယောက်ကို မြင်ရတာတို့ပဲ တွေ့ရလေ့ရှိပါတယ်။
နေ့စဉ်အလုပ်တစ်ခုခုမှာ စိတ်နှစ်ထားတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများတဲ့အခါမှာတော့ အိပ်မက်ထဲမှာ မှန်ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရလေ့ရှိပါတယ်။
၆။ အစားအစာတွေရဲ့အရသာ
အိပ်မက်ထဲမှာ ကြိုက်နှစ်သက်တဲ့အစားအစာတွေ စားရကြောင်း မြင်မက်လေ့ရှိပါတယ်။ ဒါပေမယ့် အိပ်မက်ထဲမှာ အစားအစာတွေရဲ့အရသာကို ခံစားလို့မရနိုင်ပါဘူး။
အိပ်မက်ထဲမှာ အစားအစာတွေကို စားလိုက်ရင် အရသာတွေက လုံးဝမရှိသလို ခွဲခြားလို့မရတဲ့အရသာတွေလည်း ဖြစ်နေတတ်ပါတယ်။
Zombie (lovemedia)
0 Comments