နားမကြားတဲ့ခွေးလေးကို ကိုယ်ချင်းစာပြီး မွေးစားခဲ့တဲ့ နားမကြားတဲ့အမျိုးသား

တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ ရှိကြတဲ့ ခွေးလေးတွေမှာ ကျန်းမာရေးပြဿနာတွေ ရှိနေတတ်ပါတယ်။ အဲဒါကြောင့် လူအများစုက သူတို့ကို မမွေးစားချင်ကြပါဘူး။ ဒါပေမယ့် Nick နဲ့ Emerson တို့ရဲ့ ဇာတ်လမ်းလေးကတော့ တကယ်ကို ထူးခြားပါတယ်။

Emerson ခွေးလေးက အသက် ၆ ပတ်သာ ရှိပါသေးတယ်။ ခွေးလေးက ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ခွေးဂေဟာလေးတစ်ခုမှာ နေထိုင်ပါတယ်။ ခွေးလေးက ငယ်သေးပေမယ့် အခြားခွေးတွေနဲ့ ရန်ဖြစ်တတ်ပါတယ်။

နောက်ပိုင်းမှာတော့ ခွေးလေးကို သူ့ရဲ့မောင်နှမတွေနဲ့အတူ NFR Maine Rescue ဂေဟာကို ပို့လိုက်ပါတယ်။ ခွေးလေးရဲ့မောင်နှမတွေကို မွေးစားမယ့်သူတွေ ရှိလာပေမယ့် ခွေးလေး Emerson ကိုတော့ ဘယ်သူကမှ မမွေးစားချင်ကြပါဘူး။


ဘာ့ကြောင့်လဲတော့ ခွေးလေးက နားမကြားတာကြောင့် သူ့ကို အထူးစောင့်ရှောက်ပေးမယ့်သူနဲ့သာ အဆင်ပြေနိုင်မှာဖြစ်လို့ပါ။

Nick Abbott လို့ခေါ်တဲ့လူတစ်ယောက်က facebook ကနေတစ်ဆင့် ခွေးလေး Emerson အကြောင်းကို တွေ့ရှိသွားခဲ့ပါတယ်။ ခွေးလေးအကြောင်းကို အရမ်းစိတ်ဝင်စားတာကြောင့် ခွေးလေးရှိမယ့်ဂေဟာကို လိုက်သွားခဲ့ပါတယ်။


Nick က ခွေးလေး Emerson ကို စိတ်ဝင်စားရတဲ့အကြောင်းရင်းကတော့ သူကိုယ်တိုင်က နားမကြားတဲ့သူတစ်ယောက်ဖြစ်နေလို့ပါ။

Nick က ဂေဟာကို ရောက်သွားတဲ့အခါ အခြားခွေးလေးတွေ ဆော့ကစားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် မကစားဘဲနဲ့ Nick ရဲ့အာရုံစိုက်မှုကို ရသွားတဲ့သူကတော့ Emersonပါပဲ။ အဲဒီအချိန်မှာ Emerson က အသက် ၁၂ပတ် ရှိနေပါပြီ။

Nick က ခွေးလေးနဲ့အတူတူဆော့ခဲ့ပါတယ်။ သူတို့ဆော့ခဲ့တဲ့အချိန်က ခဏလေးဆိုပေမယ့် အရမ်းကိုရင်းနှီးသွားခဲ့ကြပါတယ်။ အဲဒါကြောင့် Nick က ခွေးလေးကို မွေးစားဖို့ အိမ်ကို ခေါ်လာခဲ့ပါတယ်။

သူတို့ကြားမှာ စကားလုံးတွေမလိုအပ်ဘဲ အချင်းချင်းနားလည်မှုရှိကြပါတယ်။

Emerson က အိမ်အသစ်မှာ လျင်လျင်မြန်မြန်နေသားကျသွားခဲ့ပါတယ်။ သခင်ကလည်း အရမ်းဂရုစိုက်ပေးတာကြောင့် အရမ်းကို ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ခွေးလေးက နားမကြားတာကြောင့် Nick က ခွေးလေးကို အမူအရာတွေနဲ့ သင်ကြားပေးပါတယ်။


သူတို့ရဲ့ရင်းနှီးမှုက ပိုပိုပြီးတိုးလာပါတယ်။ Nick ရဲ့ဘဝကလည်း အရင်လို အထီးမကျန်တော့ပါဘူး။ အခုဆိုရင်တော့ Nick နဲ့ ခွေးလေးတို့က အရမ်းကို ပျော်ရွှင်နေကြပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments