ကလေးတွေက အစားအစာတွေ ပေပွအောင်စားတဲ့အခါမှာ ဖွံ့ဖြိုးမှုအတွက် ရရှိလာမယ့်ကောင်းကျိုးများ

ကလေးတွေ အစားအစာတွေ စားနေရင်းနဲ့ ပေပွနေရင် မိဘတွေက အရမ်းကို စိတ်ညစ်သွားတတ်ကြပါတယ်။ ကလေးတွေက သပ်သပ်ရပ်ရပ်မစားဘဲ အစားအစာတွေ ပြန့်ကျဲနေရင် သန့်ရှင်းရေးလုပ်ပေးရတာက မိဘတွေအတွက် အလုပ်တစ်ခုလိုပါပဲ။

ဒါပေမယ့် ကလေးတွေ အစားစားနေချိန်မှာ ပေပွနေအောင် စားတဲ့အခါ သူတို့အတွက် ကောင်းကျိုးတွေ ရရှိလာစေပါတယ်။

ကလေးတွေက အစားအစာကို ပေပွနေအောင် စားတာကြောင့် အစားဂျီးများတဲ့သူ ဖြစ်မလာတော့ပါဘူး။

ဗြိတိန်က သုတေသနပညာရှင်တွေက အသက် ၂ နှစ်ကနေ ၅ နှစ်အရွယ်ကလေး အယောက် ၇၀ ကို လေ့လာခဲ့ပါတယ်။ အစားစားတဲ့အခါမှာ လက်နဲ့ ပေပွအောင် စားတဲ့ကလေးတွေက အစားဂျီးများတာ နည်းပါးသွားကြောင်း၊ အစားပုံမှန်မစားတာနည်းပါးသွားကြောင်း တွေ့ရပါတယ်။

အဲဒါကြောင့် သင့်ကလေးက အစားစားနေတုန်း အားရပါးရ လက်နှစ်ဖက်နဲ့ ပေပွနေအောင်စားနေပြီဆိုရင်တော့ နောက်ပိုင်းမှာ အစားဂျီးများမှာကို မပူရတော့ပါဘူး။

စကားလုံးတွေကိုလည်း အသက်ငယ်ငယ်နဲ့ ပိုပြီး မှတ်မိလာနိုင်ပါတယ်။

အစားအစာတွေကို သူတို့စိတ်ကြိုက် ရွေးချယ်ပြီး ပေပွနေအောင် စားတတ်တဲ့ကလေးတွေက စကားလုံးတွေကို ပိုပြီးသိရှိလာပါတယ်။ အစားအစာနဲ့ အခေါ်အဝေါ်ကို တွဲပြီးတော့ မှတ်မိလာနိုင်ပါတယ်။

အဲဒါကြောင့် ဘာသာစကားသင်ယူတဲ့အခါမှာလည်း အခက်အခဲမရှိဘဲ စကားပြောတာလည်း သွက်လက်လာမှာပါ။

အရာဝတ္ထုတွေအကြောင်းကို ပိုပြီးသိလာစေပါတယ်။

ကလေးတွေကို အစားအစာကျွေးတဲ့အခါမှာ ခွံ့မကျွေးဘဲ ဒီတိုင်းပဲ ထားပေးလိုက်ပါ။ ကလေးတွေက အစားအစာတွေကို ကိုယ်တိုင်ကိုင်ကြည့်ပြီး ညှစ်ကြည့်၊ လှီးကြည့်တတ်ပါတယ်။ အဲဒီအခါ ကလေးရဲ့လက်ချောင်းတွေက သွက်လက်လာပါတယ်။

ဘယ်အရာဝတ္တုတွေက ပျော့တယ်၊ မာတယ်၊ ပူတယ်၊ အေးတယ်၊ အပေါ်ကနေ ပြုတ်ကျလွယ်တယ်ဆိုတာကို အလွယ်တကူ လေ့လာပြီးသား ဖြစ်သွားစေပါတယ်။

နောက်ပိုင်းမှာ ကလေးတွေက ခွံ့ကျွေးစရာမလိုဘဲနဲ့ သူကိုယ်တိုင်စားတတ်သွားပါတယ်။

တစ်ယောက်တည်း ပေပွနေအောင်စားတတ်တဲ့ကလေးက ခွံ့ကျွေးစရာမလိုတော့ဘဲ နောက်ပိုင်းမှာ ဘယ်လိုသပ်သပ်ရပ်ရပ်စားရမလဲဆိုတာကို သိရှိသွားပါတယ်။

သူတို့တကယ်ကြိုက်တဲ့အစားအစာကိုလည်း သိရှိသွားပါတယ်။ ငယ်ရွယ်စဉ်မှာ အစားအစာတွေကို မိဘရွေးပေးတာမကြိုက်ဘဲ ကိုယ်တိုင်ပဲ ရွေးစားချင်တာကြပါ။

ကလေးက အစားအစာတွေကို ပေပွနေအောင် စားရင် မိဘတွေအတွက် အလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် ပေပွတာကိုနည်းစေမယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။

- သန့်ရှင်းရေးလုပ်ဖို့မခက်တဲ့ ပန်ကိတ်၊ သစ်သီးတွေကို များများကျွေးနိုင်ပါတယ်။

- ကလေးစားမယ့်နေရာမှာ သတင်းစာအဟောင်း သို့မဟုတ် ဖျာလေးတစ်ချပ်ကို ခင်းထားလိုက်ပါ။

- ထိုင်ခုံအမြင့်နဲ့စားတဲ့အခါမှာ သန့်ရှင်းရေးလုပ်ရတာ ပိုလွယ်ကူပါတယ်။

- သန့်ရှင်းရေးလုပ်ရတာ လွယ်ကူအောင် ရင်ဘတ်မှာ ဆီလီကွန်သွားရည်ခံကိုလည်း ခံထားပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments