ကလေးတွေငြင်းပယ်ခံရတဲ့အခါမှာ စိတ်ဓာတ်မကျအောင် အားပေးနိုင်မယ့်နည်းလမ်းများ

လူသားတွေက ကြီးပြင်းလာတာနဲ့အမျှ ငြင်းပယ်ခံရခြင်းတွေကို ရှောင်လွှဲလို့မရနိုင်တော့ပါဘူး။ အငြင်းခံရတာက ကြီးတာပဲဖြစ်ဖြစ်၊ သေးငယ်တာပဲဖြစ်ဖြစ် လက်ခံနိုင်ဖို့ လိုအပ်လာပါတယ်။

ကလေးတွေမှာတော့ အငြင်းခံရတာကို လက်ခံနိုင်ဖို့ မရင့်ကျက်သေးပါဘူး။ အရုပ်ကျိုးသွားတာ၊ အပေါင်းအသင်းတွေက ရှောင်ဖယ်လာတာ၊ ဆုမရတာ စတဲ့အရာတွေက ကလေးတွေအတွက်အရမ်းကို ခံစားရလွယ်စေပါတယ်။

ကလေးတွေမှာ အဲဒီလိုစိတ်ခံစားချက်တွေ ကြုံတွေ့လာတဲ့အခါ ဘယ်လိုအားပေးနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကလေးကို စိတ်တည်ငြိမ်အောင် ပြုလုပ်ပေးပါ။

ကလေးက စိတ်မတည်ငြိမ်တဲ့အခါမှာ ပြောသမျှ စကားတွေကို နားဝင်လွယ်မှာမဟုတ်ပါဘူး။ ဝမ်းနည်းပြီးရင်းဝမ်းနည်းနေမှာပါ။ ရေခဲတုံးလေးတွေကို ကလေးရဲ့လက်ဖဝါးထဲမှာ ထည့်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်ပေးပါ။

ဒါမှမဟုတ် ကလေးရဲ့ကျောပြင်၊ ဝမ်းဗိုက်ကို ညင်ညင်သာသာပွတ်သပ်ပေးရင်လည်း စိတ်တည်ငြိမ်သွားပါတယ်။ ကလေးက အကောင်းဆုံးကြိုးစားခဲ့တာကို အသိအမှတ်ပြုကြောင်း ပြောပြပေးတဲ့အခါ ကြိုးစားချင်စိတ်တွေ ထပ်ဖြစ်လာမှာပါ။

အခြေအနေကို နားလည်အောင် ရှင်းပြပေးပါ။

ကလေးကို စိတ်တည်ငြိမ်အောင် ပြုလုပ်ပေးဖို့ဆိုရင် မိဘကိုယ်တိုင်က စိတ်တည်ငြိမ်နေဖို့လည်း လိုအပ်ပါတယ်။ မအောင်မြင်ခဲ့တဲ့အပေါ် အပြစ်မတင်ဘဲ ကလေးရှင်းပြတာကိုလည်း သေချာနားထောင်ပေးပါ။

သူပြောချင်တာတွေ အားလုံးပြောပြီးနောက်မှာတော့ အခြေအနေတွေအားလုံးကို နားလည်လွယ်အောင် စိတ်ရှည်လက်ရှည်ရှင်းပြပေးပါ။ အဲဒီအခါ ကလေးက လိုအပ်ချက်တွေကို တဖြည်းဖြည်းနားလည်လာပါတယ်။

မတူညီတဲ့ဥပမာတွေနဲ့ ရှင်းပြပါ။

အရှုံးတွေနဲ့ အငြင်းခံရမှုတွေက လူတိုင်းကြုံတွေ့ဖူးတဲ့အရာပါပဲ။ အရှုံးတွေကနေ သင်ခန်းစာယူပြီး အောင်မြင်အောင် ကြိုးစားသင့်တဲ့နည်းလမ်းတွေ၊ ထားသင့်တဲ့စိတ်ထားတွေကို မြင်လွယ်တဲ့ဥမာတွေနဲ့ ရှင်းပြပေးနိုင်ပါတယ်။ မိဘကိုယ်တိုင်ကြုံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ယှဉ်ပြီး အားပေးတဲ့အခါမှာ ကလေးအတွက် အားငယ်စိတ်တွေ လျော့ပါးလာမှာပါ။

မတူညီတဲ့နည်းလမ်းတွေနဲ့ အားပေးပါ။

တစ်ခါတရံမှာ အငြင်းခံရခြင်းတွေက အခြားသောကောင်းမွန်တဲ့အခွင့်အရေးတွေကို ရရှိလာစေပါတယ်။ အရှုံးနဲ့ရင်ဆိုင်ရတိုင်း၊ အငြင်းခံရတိုင်း ကံဆိုးသွားတာတော့မဟုတ်ပါဘူး။

အရှုံးကိုပဲ တွေးပြီး ဝမ်းနည်းနေတဲ့အခါမှာ ပိုကောင်းတဲ့အခွင့်အရေးတွေ လွတ်သွားမှာပါ။ အဲဒါကြောင့် အခြားသောနည်းလမ်းတွေနဲ့လည်း ကြိုးစားလို့ရနိုင်သေးကြောင်း အားပေးပါ။

အငြင်းခံရလို့ ဝမ်းနည်းနေတဲ့စိတ်ကို ကျော်လွှားနိုင်အောင် ကူညီပေးပါ။

ကလေးတွေ အငြင်းခံရတဲ့အခါမှာ နောက်ထပ်ကြိုးစားလို့မရနိုင်တော့ဘူးလို့ ထင်သွားတတ်ပါတယ်။ အဲဒါကြောင့် စိတ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေကိုပါ ခံစားလာရပါတယ်။

ဒီလိုအခြေအနေနဲ့ကြုံတွေ့လာရတဲ့အခါမှာ စိတ်ဓာတ်ကျတာကို ကျော်လွှားနိုင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းတွေ၊ အကြံဉာဏ်ကောင်းတွေနဲ့ ပံ့ပိုးပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments