ခန္ဓာကိုယ်ရဲ့အနံ့က အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာပါတယ်။ ငယ်ငယ်တုန်းက ကိုယ်သင်းနံ့နဲ့ အသက်ကြီးတဲ့အခါ ရလာတဲ့ကိုယ်သင်းနံ့က မတူညီနိုင်တော့ပါဘူး။ အသက်ကြီးလာတာနဲ့အမျှ ကိုယ်နံ့ပြောင်းလဲလာရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အချို့သော ရောဂါများ
အသက်ကြီးလာတာနဲ့အမျှ ရောဂါတွေကလည်း တိုးလာပါတယ်။ ဆီးချိုရောဂါဖြစ်လာတဲ့အခါမှာ ကိုယ်နံ့က ပြောင်းလဲသွားပါတယ်။ ဆီးချိုရောဂါရှိတဲ့အခါမှာ ခန္ဓာကိုယ်က သစ်သီးရနံ့လိုမျိုး ထုတ်လွှတ်ပါတယ်။ Hyperthyrodism နဲ့ အသည်းရောဂါခံစားနေရသူတွေမှာလည်း ကိုယ်နံ့က ပြောင်းလဲလာပါတယ်။
အသားအရေ
အသက်ကြီးလာတဲ့အခါ အသားအရေမှာ fatty acids ပိုဖြစ်လာပါတယ်။ အဲဒါကို တစ်ခါတရံမှာ လူအိုနံ့လို့ ခေါ်ကြပါတယ်။ Fatty acid က လေနဲ့တွေ့တဲ့အခါမှာ ဆီနံ့နဲ့ အချဉ်နံ့ ပေါင်းစပ်ထားတဲ့အနံ့လို ဖြစ်ပေါ်လာပါတယ်။
ပြောင်းလဲသွားတဲ့အစားအသောက်ပုံစံ
ငါး၊ အစပ်၊ အသားတွေကို စားခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်နံ့ကို သက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ စားလိုက်တဲ့အစားအစာတွေက ခန္ဓာကိုယ်မှာ ပြိုကွဲသွားတဲ့အခါမှာ ချွေးအဖြစ်နဲ့လည်း ထွက်လာတတ်ပါတယ်။
စားတဲ့အစားအစာပေါ်မှာမူတည်ပြီး ကိုယ်နံ့ကလည်း ပြောင်းလဲသွားပါတယ်။ ရေကို နည်းနည်းပဲ သောက်တဲ့သူတွေက ကိုယ်နံ့ပြင်းပါတယ်။ ခံတွင်းက ခြောက်သွေ့နေတဲ့အခါ ဘက်တီးရီးယားတွေက ပိုမိုခိုအောင်းပြီး ခံတွင်းနံ့လည်း ဆိုးလာပါတယ်။
ပြောင်းလဲသွားတဲ့ဟော်မုန်း
အသက်ကြီးလာတဲ့အမျှ ဟော်မုန်းတွေကလည်း ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲက ပိုဖြစ်တတ်ကြပါတယ်။ အပျိုဖော်ဝင်စဟော်မုန်းနဲ့ စိတ်ဖိစီးတဲ့အခါ ထွက်တဲ့ဟော်မုန်းတို့အပေါ်မှာလည်း မူတည်ပြီး ကိုယ်နံ့က ပြောင်းလဲသွားပါတယ်။
သောက်သုံးတဲ့ဆေးဝါး
အားဖြည့်အစားအစာတွေနဲ့ နေ့စဉ်သောက်သုံးတဲ့ဆေးဝါးတွေကြောင့် ကိုယ်နံ့ ပြောင်းလဲသွားတတ်ပါတယ်။ အမြဲတမ်းစွဲသောက်ရတဲ့ဆေးအချို့ကြောင့် ချွေးတွေက ပိုထွက်ပြီး ကိုယ်နံ့က ပြင်းလာပါတယ်။
ချွေးနံ့နဲ့ အသားအရေပေါ်က ဘက်တီးရီးယားတို့ပေါင်းစပ်သွားတဲ့အခါမှာ ဆိုးဝါးတဲ့ကိုယ်နံ့ဖြစ်ပေါ်လာပါတယ်။
ခံတွင်းသန့်ရှင်းရေး
တံတွေးက ခံတွင်းအနံ့ဆိုးတွေ မဖြစ်လာအောင် သဘာဝအလျောက်တိုက်ထုတ်ပေးတဲ့အရာပါ။ အသက်ကြီးလာတဲ့အခါ ခံတွင်းထဲမှာ တံတွေးတွေ နည်းပါးလာပါတယ်။
အံကပ်တွေ တပ်လာရတဲ့အခါမှာ ခံတွင်းနံ့တွေက ပိုဆိုးလာပါတယ်။ ဒါ့အပြင် အသက်ကြီးတဲ့သူတွေမှာ သွားဖုံးနဲ့ပတ်သက်ပြီး ရောဂါတွေဖြစ်ပေါ်လာတတ်တာကြောင့် ခံတွင်းနံ့အပြင် ကိုယ်နံ့ပါ ပြင်းလာပါတယ်။
Zombie (lovemedia)
0 Comments