ကလေးတွေက ခရီးသွားတဲ့အခါ ကားအကြာကြီးစီးရတာကြောင့် ငြီးငွေ့ပြီး သက်တောင့်သက်သာမဖြစ်တော့ပါဘူး။ ကလေးတွေနဲ့ ခရီးထွက်တဲ့အခါ လုံခြုံစိတ်ချရစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကလေးထိုင်ခုံ
ကားစီးတဲ့အခါမှာ ထိုင်ခုံခါးပတ်ပတ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ကလေးက အရမ်းငယ်သေးတဲ့အခါ ကားထိုင်ခုံခါးပတ်နဲ့ အဆင်မပြေပါဘူး။ အဲဒါကြောင့် ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ခါးပတ်ပါတဲ့ထိုင်ခုံကို အသုံးပြုသင့်ပါတယ်။
၂။ ခရီးစမထွက်ခင်မှာ ကလေးကို သန့်စင်ခန်းထဲမှာ သန့်ရှင်းရေးလုပ်ပေးပါ။
ခရီးမသွားခင်မှာ ကလေးတွေကို သန့်စင်ခန်းကို မဖြစ်မနေအသုံးပြုခိုင်းသင့်ပါတယ်။ ကားမောင်းနေရင်းနဲ့ ကလေးက ထိန်းမထားနိုင်တော့တဲ့အခါ အခက်တွေ့နိုင်တာကြောင့်ပါ။
၃။ ကလေးသန့်ရှင်းရေးပစ္စည်း
ကလေးတွေနဲ့ ခရီးအတူတူသွားတဲ့အခါ ကလေးရဲ့အိတ်၊ ဒိုင်ပါ၊ တစ်ရှူး၊ မုန့်နဲ့ အခြားသော ကလေးအသုံးအဆောင်ပစ္စည်းတွေကိုပါ ယူခဲ့ဖို့ မမေ့ပါနဲ့နော်။ ကလေးသန့်ရှင်းရေးပစ္စည်းတွေက မဖြစ်မနေလိုအပ်တဲ့အရာတွေပါပဲ။
၄။ ကလေးတွေကို ကားရဲ့အနောက်ခန်းမှာပဲ ထိုင်ခိုင်းပါ။
ကလေးတွေအတွက် အရှေ့မှာထိုင်တာက ပိုပြီးသက်တောင့်သက်သာဖြစ်ပေမယ့် အနောက်မှာပဲ ထိုင်ခိုင်းသင့်ပါတယ်။ ၁၃ နှစ်အောက် ငယ်တဲ့ကလေးတွေကို အမြဲတမ်း ကားအနောက်ခန်းမှာ ထိုင်ခိုင်းပါ။
ရှေ့ထိုင်ခုံက လူကြီးတွေအတွက် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး မတော်တဆမှုကြောင့် လေအိတ်ပွင့်သွားတဲ့အခါ ကလေးတွေအတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်တာကြောင့်ပါ။
၅။ အန်ဖို့အတွက် အိတ်
အချို့ကလေးတွေက ကားမူးပြီး အန်တတ်ပါတယ်။ အဲဒါကြောင့် ပလက်စတစ်အိတ်တွေကိုလည်း မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။ ကလေးတွေကိုလည်း ပလက်စတစ်အိတ်တွေ ပေးထားသင့်ပါတယ်။
၆။ ကလေးတွေအတွက် သီချင်း သို့မဟုတ် ကာတွန်းဖွင့်ပေးပါ။
ခရီးသွားတဲ့အခါမှာ ကလေးတွေ စိတ်တည်ငြိမ်နေအောင်လို့ သူတို့ကြိုက်တဲ့သီချင်း၊ ကာတွန်းကားတွေကို ဖွင့်ပေးထားနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့အကြိုက် အရုပ်တွေနဲ့ ဆော့ဖို့ ခွင့်ပြုထားရင်လည်း မငြီးငွေ့တော့ပါဘူး။
၇။ စည်းမျဉ်းတွေကို သင်ကြားပေးပါ။
ကလေးတွေက အခြားသူရဲ့ကားနဲ့ လိုက်သွားတဲ့အခါမှာ လိုက်နာသင့်တဲ့စည်းမျဉ်းတွေ၊ စည်းကမ်းတွေကို သင်ကြားပေးထားသင့်ပါတယ်။
ကလေးကို အခြားသူက ရှေ့မှာ ထိုင်ဖို့ ပြောလာရင်တောင် ယဉ်ယဉ်ကျေးကျေးငြင်းတတ်ဖို့၊ ကားမောင်းနေတာကို မနှောင့်ယှက်ဖို့ စတဲ့အချက်လေးတွေကို ပြောပြထားပေးနိုင်ပါတယ်။
၈။ အဝတ်အစား
ခရီးသွားတဲ့အခါ ကလေးတွေကို အနွေးထည်အထူကြီးတွေ မဝတ်ထားပေးသင့်ပါဘူး။ ပုံမှန်အနွေးထည်လောက်ကိုပဲ ဝတ်ဆင်ပေးပါ။
အနွေးထည်အထူကြီးတွေကြောင့် ထိုင်ခုံခါးပတ်က မမြဲတော့ဘဲ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အေးတဲ့ရာသီဥတုတွေမှာ ထိုင်ခုံခါးပတ်ပတ်ပြီးမှာ အပေါ်ကနေ စောင်ခြုံပေးထားလို့ရပါတယ်။
Zombie (lovemedia)
0 Comments