လိုအပ်တာထက် ငွေတွေပိုဖြုန်းရတဲ့အဓိကအကြောင်းအရင်းနှစ်ချက်ကတော့ ပျော်ရွှင်မှုရရှိဖို့နဲ့ နာကျင်မှုကို ဖြေဖျောက်ဖို့ပါ။ အဝတ်အစားအသစ်တွေဝယ်တာ၊ ဈေးကြီးတာတွေဝယ်တာတွေကြောင့် စိတ်ကျေနပ်မှုတွေကို ရရှိသွားပါတယ်။
ဒါပေမယ့် ငွေတွေကုန်တာကို ပြန်တွေးပြီးတော့လည်း တစ်ခါတရံမှာ နောင်တတွေ ရနေဦးမှာပါ။ အဲဒါကြောင့် မလိုအပ်ဘဲ ပစ္စည်းအသစ်တွေဝယ်ချင်နေရတဲ့ အကြောင်းအရင်းတွေနဲ့ အဲဒါကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
အခြားသူတွေရဲ့အထင်ကြီးမှုကို လိုချင်ခြင်း
အကန့်အသတ်နဲ့ထုတ်ထားတဲ့ ဈေးကြီးပစ္စည်းတွေကို မရရအောင် ဝယ်ချင်ကြပါတယ်။ လူတိုင်းမဝယ်နိုင်တဲ့အရာကို ဝယ်နိုင်တာကြောင့် လူအများရဲ့အထင်ကြီးမှုကို လိုချင်တာကြောင့်ပါ။ အဲဒါကြောင့် မလိုအပ်တဲ့ပစ္စည်းတွေကိုလည်း ဘယ်လောက်ဈေးကြီးပါစေ ရအောင် ဝယ်တတ်ကြပါတယ်။
ဈေးကြီးတဲ့ပစ္စည်းတွေကို အမြဲတမ်းမဝယ်ဘဲ ခန္ဓာကိုယ်လှပအောင်၊ အသားအရေလှပအောင်၊ မိတ်ကပ်ပစ္စည်းတွေမှာပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ။
သုံးနိုင်ဖြုန်းနိုင်သူတွေကို မနာလိုဖြစ်ခြင်း
လူတွေက ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြပါတယ်။ အခြားသူတွေမှာ ရှိတဲ့ပစ္စည်းကို မိမိဆီမှလည်း လိုချင်လာပါတယ်။ ပြိုင်ဆိုင်လိုစိတ်ကြောင့် မလိုအပ်တဲ့ပစ္စည်းတွေကို ဝယ်မိတတ်ကြပါတယ်။
တကယ်တော့ လိုချင်တဲ့ပစ္စည်းကို ရပြီးနောက်မှာ ခဏတာပဲ ပျော်ရွှင်ရပြီး မှေးမှိန်ပျောက်ကွယ်သွားမှာပါ။ ပျော်ရွှင်မှုကို ပြိုင်ဆိုင်မှုနဲ့ မရှာဖွေဘဲ မိသားစုနဲ့ညစာစားတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ စတဲ့နည်းလမ်းတွေနဲ့သာ ရှာဖွေပါ။
ကြော်ငြာတွေအပေါ်မှာ မြောပါသွားခြင်း
လုပ်ငန်းရှင်တွေက သူတို့ရဲ့ပစ္စည်းတွေကို ဝယ်အောင်လို့ ပုံစံမျိုးစုံနဲ့ ကြော်ငြာကြပါတယ်။ သူတို့ရဲ့ပစ္စည်းအသစ်တွေကို ဝယ်လာအောင် ဈေးဝယ်သူကို အခွင့်အရေးတွေပေးပြီးရောင်းချကြပါတယ်။
အဲဒါကြောင့် ကြော်ငြာတွေအပေါ်မှာ မြောပါသွားပြီး မလိုအပ်တဲ့ပစ္စည်းတွေကို ဝယ်မိသွားတတ်ပါတယ်။
သင့်ရဲ့ဘဝကို မထိန်းချုပ်နိုင်ဘူးလို့ ခံစားမိခြင်း
အချို့တွေက ဘဝမှာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေများမှသာ ကိုယ့်ကိုယ်ကိုယ် လုံခြုံစိတ်ချရတယ်လို့ ထင်မိတတ်ကြပါတယ်။ အဲဒါကြောင့် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေအပြင် မလိုအပ်တဲ့ပစ္စည်းတွေကိုပါ အများကြီးဝယ်တတ်ပါတယ်။ အချို့ပစ္စည်းတွေက မရှိမဖြစ် လိုအပ်တဲ့အရာတွေမဟုတ်ပါဘူး။
ပျင်းရိငြီးငွေ့ခြင်း
ပစ္စည်းတွေကို အများကြီးဝယ်မိသွားတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ပျင်းရိငြီးငွေ့တာကြောင့်ပါ။ ဘာမှလုပ်စရာမရှိတဲ့အခါမှာ ပျင်းရိတာကို ဖြေဖျောက်ဖို့ ဈေးဝယ်တတ်ကြပါတယ်။
အဲဒီကနေ ငွေတွေက လိုအပ်တာထက် ပိုကုန်ပြီး မစုမိတော့ပါဘူး။ ငြီးငွေ့လာတဲ့အခါတိုင်း ဈေးဝယ်တာထက် ဝါသနာပါတဲ့အရာတစ်ခုခုကို လုပ်နေခြင်းက ပိုပြီးအကျိုးရှိစေပါတယ်။
Zombie (lovemedia)
0 Comments