တခါတုန်းက လူရွယ် တယောက်ဟာ ရွက်လှေတစီးနဲ့ ပင်လယ်ဆီ ခရီးထွက် ခဲ့တယ်။ ပင်လယ်ဟာ လှိုင်းကြက်ခွပ် ကလေးတွေ တလက်လက်ထလို့ လှပ နေတာပဲ။
လေညင်းနုနု ကလည်း သူ့ရဲ့ရွက်ကို အားဖြည့်တဲ့ အနေနဲ့ တသုန်သုန် တိုက်ခတ်လို့၊ ပင်လယ်ပျော် ငှက်ကလေးတွေလည်း ရွက်လှေအနီး အပါးမှာ တဝဲဝဲ ပျံသန်းလို့။ ငါးကလေးတွေ ဖျံကလေးတွေ ကလည်း သူသွားရာနောက် တကောက်ကောက် လိုက်လို့။
သူဟာ ပြာလဲ့ ကြည်စင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး လောကကြီးရဲ့ အလှကို အပြည့်အဝ ခံစားရင်း တေးသီချင်းတွေ သီကျူးနေစဉ်မှာ ရွက်လှေကလေး ကတော့ လေရဲ့ သယ်ဆောင်ရာ အတိုင်း တလွင့်လွင့် မျောလို့ နေလေရဲ့။
သူဟာ ငှက်ကလေးတွေနဲ့ စကားတင်းဆိုလိုက်၊ ငါးကလေးတွေနဲ့ မြူးထူး ပျော်ပါး ဆော့ကစားလိုက်၊ လေပြေ လေညင်းထဲ ဝေ့ဝဲပါလာတဲ့ ပင်လယ် ရနံ့ကို မက်မောစွာ ရှူရှိုက်လိုက် အဲဒီလို နေလာလိုက်တာ သူသတိ မထားမိခင်မှာပဲ ရုတ်တရက် လေက ငြိမ်ကျ သွားပါလေရော။
ကောင်းကင်ကြီး ကလည်း ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ လှိုင်းကြက်ခွပ်တွေက ငြိမ်သက် နေရာက တစတစ လူးလွန့် လှုပ်ရှားလာတယ်။ "ဘာဖြစ်တာပါလိမ့်" တကယ်ကို သူ မသိဘူးတဲ့။ ဘေးဘီဝဲယာ ကြည့်မိတော့ သူ့နဘေးမှာ ငှက်ကလေးတွေလည်း မရှိကြတော့ဘူး။
ရေထဲက ငါးကလေးတွေလည်း ဘယ်ဆီရောက်ကုန် ကြပါလိမ့်။ ဇဝေဇဝါနဲ့ ကြည့်နေဆဲမှာပဲ ကောင်းကင်က နီမှောင်မှောင် အရောင် သမ်းလာတယ်။ ငြိမ်နေတဲ့ လေက တဖြည်းဖြည်း ကြမ်း တမ်းစွာ တိုက်ခတ်လာတယ်။
ပင်လယ်ပြင်မှာလည်း လှိုင်းတံပိုးတွေ ထလာပြီး သူ့ရဲ့ ရွက်လှေကလေးက တလူးလူး တလွန့်လွန့်နဲ့။ လှေကို ငြိမ်အောင် ထိန်းရင်း သူကိုယ်တိုင် လှေပေါ်မှာ ဆောက်တည်ရာ မရတော့ဘူး။ ပြောင်းလဲသွားတဲ့ ကောင်းကင်က ဒေါသတကြီးနဲ့ မိုးစက် မိုးပေါက် တွေကို သွန်ချတယ်။
လေကလည်း တဝီဝီ အော်မြည်ရင်း ပြင်းသည်ထက် ပြင်းလာတယ်။ လှိုင်းတွေ ကလည်း ထန်သည်ထက် ထန်လို့ပေါ့။ "ဒါ မုန်တိုင်းပဲ" လို့ သူသိလိုက်တဲ့ အချိန်မှာ အရာရာ နောက်ကျသွားပါပြီ။ ရွက်လှေကလေးရဲ့ ရွက်တိုင်ဟာ လေပြင်းအဝှေ့ လှိုင်းကြမ်းအပုတ်မှာ သွင်သွင် ကျိုးလို့ သွားခဲ့ပြီ။
အားကိုးရာမဲ့ လှေကလေးဟာ ပင်လယ်ရဲ့ လှိုင်းလုံး ကြမ်းကြမ်း ကြီးတွေထဲမှာ မြုပ်ချီ ပေါ်ချီ။ ဦးတည်ရာမဲ့။ ငှက်ကလေးတွေရေ ငါးကလေးတွေ မင်းတို့ ဘယ်မှာလဲ ငါ့ကို ခွဲမသွားကြ ပါနဲ့။ သူ မြတ်နိုးတဲ့ အရာတွေကို တမ်းတလိုက်တယ်။ ဒါပေမဲ့ ဘယ်သူမှ ရောက် မလာကြပါဘူး။
အားလုံးက သူ့ကို စွန့်ခွါထားခဲ့ ကြပြီလေ။ သူ့အတွက် အရာရာဟာ ရုတ်ချည်း အကျည်းတန်လို့ သွားတယ်။ ဒီအချိန်မှာပဲ လှိုင်းလုံးကြီး တလုံးက ဝုန်းခနဲ ရိုက်ပုတ်လိုက်ပြီး သူ့ရဲ့ နောက်ဆုံး အားကိုးရာ လှေကလေးနဲ့ သူ့ကို ကွဲကွာစေခဲ့ တော့တယ်။
လှေကလေးက တစစီ ကျိုးကြေလို့။ သူ့စိတ်ဓာတ်တွေလည်း တစစီ ကွဲပျက်လို့။ ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ကြီး ထဲမှာ လှိုင်းတွေကို ဆန်ပြီး သူတယောက်ထဲ ကူးခတ်လို့ နေခဲ့သတဲ့။ ဒီလို ကူးခတ် လာလိုက်တာ အချိန်တွေ ကြာလာတာနဲ့ အမျှ ခြေကုန်လက်ပမ်းလည်း ကျလုပြီ။
စိတ်ဓာတ်တွေလည်း တစတစ ပိုပြီး ယိုယွင်းလာပြီ။ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလား။ သူဟာ အားငယ်စွာ တွေးနေမိတယ်။ အားအင် ကုန်ခမ်းမတတ် ဖြစ်နေချိန် ရှေ့ခပ်ဝေးဝေး တနေရာမှာ လှိုင်းတွေ ကြား ထဲ ပေါလောပေါလော မျောပါနေတဲ့ အရာဝတ္ထု တခုကို သူသွားတွေ့တယ်။
ဒီအရာကို ဆွဲကိုင် မှီခိုလို့တော့ ရမှာပဲလို့ သူတွေးမိပြီး အဲဒီနားကို အရောက် အားတင်းပြီး ကူးခတ် သွားလိုက်တယ်။ သေချာပါတယ်။ အဲဒီအရာဝတ္ထုဟာ သစ်တုံးတတုံး ဆိုတာ အနားအရောက်မှာ သူသိသွားတာပေါ့။
ဒီသစ်တုံးကို လှမ်းဆွဲပြီး ပွေ့ဖက်လိုက်စဉ်မှာ သူ့ခန္ဓာကိုယ် တခုလုံး ပင်ပန်းသမျှတွေ ပြေပျောက်စေ ခဲ့တယ်။ သစ်တုံးလေးပေါ် ခေါင်းတင် မှီထားရင်း မောပန်းနွမ်းနယ်မှုတွေ အတွက် အနားယူ နိုင်ခဲ့တယ်။
သစ်တုံးလေးကို မလွတ်တမ်း ဖက်တွယ်ထားပြီး ပင်လယ်လှိုင်းကြမ်းတွေကို သူရင်ဆိုင်နိုင်ခဲ့ တယ်။ သစ်တုံးလေးနဲ့သူ အတူတူ တွဲပြီး ပင်လယ်ကြီးထဲမှာ ကူးခတ်နေရင်း ကြုံလာတဲ့ အန္တရာယ်တွေကို ကျော်လွှားနိုင်ခဲ့ ကြတယ်။ ကဲ ဘာကိုများ ကြောက်နေရဦး မှာလဲ။ ဘယ်အရာကများ သူ့အတွက် အတားအဆီး ဖြစ်နေဦးမှာလဲ။ သူ မမှုတော့ ပါဘူး။ သူ့ရင်ခွင်ထဲမှာ သစ်တုံးလေး ရှိနေခဲ့ပြီလေ။
အဲဒီလို ကူးခတ်နေရင်း တမနက်ခင်းမှာ သူတို့ဟာ ကျွန်းလေး တကျွန်းဆီကို ရောက်ခဲ့ကြသတဲ့။ ကျွန်းပေါ်က သဲသောင်ပြင်မှာ သစ်တုံးလေးကို ခေါင်းအုံးလို့ ခြေပစ်လက်ပစ် အမောအပန်း ဖြေပြီးနောက် စားသောက်စရာတွေ ရှာဖွေ စားသောက်တယ်။
သင့်တင့် လျောက်ပတ်တဲ့ နေရာထိုင်ခင်း ရှာဖွေစီစဉ်ခဲ့တယ်။ သူ့ရဲ့ ကြိုးစား အားထုတ်မှုကြောင့် အရာရာ အဆင်ပြေစ ပြုနေချိန်မှာ သစ်တုံးလေး ကတော့ သောင်ပြင်ပေါ်က နေပူပူအောက်မှာ ခြောက်သွေ့စွာ နေရင်း သူ့ရဲ့ အဆင်ပြေမှုတွေကို တွေတွေလေးသာ ငေးကြည့်နေခဲ့ သတဲ့။
သူက သစ်တုံးလေး ကိုတော့ မမေ့ရှာပါဘူး။ အသုံးတော့ ချတတ်ရှာပါတယ်။ ခေါင်းအုံးတဲ့ အခါအုံး၊ ခြေထောက် တင်တဲ့ အခါတင်၊ တခါတလေလည်း သစ်တုံးလေးပေါ် ထိုင်ပြီး ပင်လယ်ကြီးဆီ ငေးမောလို့ နေတတ်သေးတယ်။ သေချာတာ တခုကတော့ သစ်တုံးလေးနဲ့ သူဟာ အတူတူ နေပါလျက်နဲ့ တဖြည်းဖြည်း ဝေးဝေးသွားလေရဲ့။
ကျွန်းပေါ်မှာ နေထိုင်ပြီး မွှေးပျံ့တဲ့ ပန်းလှလှလေးတွေရဲ့ ရနံ့ကို ရှူရှိုက်ရင်း ချိုမြိန်တဲ့ သစ်သီးတွေကို စားသုံးရင်း နွေးထွေးတဲ့ နေခြည်ကို ခံယူရင်း အေးမြတဲ့ စမ်းရေကို သောက်သုံးရင်း လှပတဲ့ ငှက်ကလေးတွေနဲ့ တေးဆိုရင်း ပင်လယ်ထဲက ငါးကလေးတွေ လိပ်ကလေးတွေနဲ့ ဆော့ကစားရင်း အရာရာကို မေ့လျော့ကာ ပျော်မွေ့နေခဲ့သတဲ့။
ဒါတွေဟာ သူ့စိတ်ကို လှုပ်ရှားစေ နိုင်တဲ့ အရာတွေပဲ။ ဆွဲဆောင်မှု ပေးနိုင်တဲ့ အရာတွေပဲ။ ဒီအရာ အသစ်အဆန်း တွေနဲ့ သူပျော်မွေ့ နေချိန်မှာ သစ်တုံးကလေး ကတော့ မလှုပ်မယှက် ငြိမ်သက်စွာနဲ့ သောင်ပြင်ပေါ်မှာ အထီးကျန်ရင်း တဖြည်းဖြည်း ဆွေးမြေ့လို့ လာလေ တော့တယ်။
တည အအေးဓာတ်က တကျွန်းလုံးကို လွှမ်းခြုံထားတယ်။ အေးစက်စက် လေက တဝှူးဝှူး တိုက်ခတ်လို့။ သူ ခိုက်ခိုက်တုန်အောင် ချမ်းနေပြီ။ သူ့ရဲ့ အဝတ်အစားက ဒီအအေးဒဏ်ကို အံမတုနိုင်ဘူး။ နားရွက်ဖျား၊ နှာသီးဖျားတွေ ထုံကျင် အေးခဲ မတတ် ခံစားနေ ရတယ်။ သူ ဘာလုပ်ရမလဲ။
သစ်ရွက်ခြောက်လေးတွေ စုပြီး သူ့ရှေ့နားမှာ ပုံလိုက်တယ်။ သူသုံးနေကျ မီးခတ် ကျောက်နဲ့ သစ်ရွက်လေးတွေကို စပြီး မီးညှိတယ်။ ရွက်ခြောက်လေးတွေ တရှဲရှဲ နဲ့ လောင်ကျွမ်းကုန် ကြတယ်။
သူ့ခန္ဓာကိုယ်လည်း အနွေးဓာတ် အသင့်အတင့် တော့ ရလေရဲ့။ ဒါပေမဲ့ ညကနက်လေ အအေးကပိုလေ။ ရွက်ခြောက်တွေ လည်း လောင်ကျွမ်းရင်းနဲ့ ကုန်လုပြီ။ သူ့ရဲ့ သစ်တုံးလေးကို ရုတ်တရက် သတိရသွားတယ်။
"အင်း ဒီသစ်တုံးလည်း ဆွေးနေပါပြီ၊ ငါ့အတွက် မလိုအပ်တော့ ပါဘူး။ ဒီသစ်တုံးကို ဖက်တွယ်ပြီး ပင်လယ်ကို ထပ်ကူးလို့လည်း မရနိုင်တော့ဘူး၊ ဒီတော့"
နောက်ဆုံးတော့ သူဟာ သစ်တုံးလေးကို ယူပြီး တမြည့်မြည့် တောက်လောင် နေတဲ့ မီးပုံထဲ ထည့်လိုက်သတဲ့။ မီးတွေဟာ ဆွေးမြေ့စ ပြုနေတဲ့ သစ်တုံးလေးကို အလွယ်တကူပဲ လောင်ကျွမ်း ဝါးမြိုနေတော့ တာပေါ့။
သူကတော့ လုံလောက်တဲ့ အနွေးဓာတ်ကို ရပြီမို့ စိတ်ချလက်ချနဲ့ နှစ်ခြိုက်စွာ အိပ်မောကျ သွားပါတော့တယ်။ တရှိန်ရှိန် တောက်လောင်နေတဲ့ မီးပုံထဲမှာ သစ်တုံးလေး ကတော့ နောက်ဆုံး အချိန်ထိ အနွေးဓာတ်တွေ ထုတ်လွှတ်ပေးပြီး တဖြည်းဖြည်း လောင်ကျွမ်း ပြာကျလို့။
မိုးလင်းခဲ့ ပါပြီ။ ညဉ့်ဦးက မီးဖိုကလေးလည်း မီးငြိမ်း သွားခဲ့ပြီ။ နံနက်ခင်း နေရောင်ဟာ ကျွန်းလေးပေါ်ကို နွေးထွေးစွာ ဖြန့်ကျက်လို့ နေတယ်။ အိပ်ရေးဝစွာ သူနိုးထလာခဲ့တယ်။ သာယာတဲ့ ကောင်းကင်ကြီးနဲ့ တည်ငြိမ်တဲ့ ပင်လယ်ကြီးကို သူကြည့်နေတယ်။ အိမ်ကို ဘယ်တော့ ပြန်ရမလဲ တွေးနေမိရင်းနဲ့။ သူ့ရဲ့ နံဘေးမှာ ငှက်ကလေးတွေက တေးသီလို့။ လေနုအေးက ခပ်ဖွဖွတိုက်လို့။ ပန်းလေးတွေလည်း လှပ သင်းပျံ့လို့။
အရာရာဟာ ဘာမှ မပြောင်းလဲပါဘူး။ တခုပဲ မီးငြိမ်းသေနေတဲ့ မီးဖိုကလေးဆီက ပြာမှုန်လေးတွေဟာ ပင်လယ်ဘက်ကို ဦးတည်လို့ တလွင့်လွင့် မျောလွင့်နေ ကြတယ်။ ဒီမီးဖိုလေးရဲ့ အလယ် ပြာပုံ ကလေးထဲမှာ မလောင်ကျွမ်းဘဲ ကျန်နေရစ်တဲ့ သစ်ဆွေးတုံးလေးရဲ့ အမြုတေတခု ရှိနေတယ် ဆိုတာကိုတော့ သူ တကယ်ကို သိမသွားခဲ့ပါဘူး။ မေဓာဝီ ၂၂၊ ဇွန်၊ ၂၀၀၇
0 Comments