တခါက သူငယ်ချင်း နှစ်ယောက်ဟာ ခရီးတခုကို အတူတူ လမ်းလျှောက်ပြီး သွားနေကြတယ်။ တယောက်က လမ်းပေါ်မှာ ကျနေတဲ့ အဝတ်အိတ် တလုံးကို တွေ့လိုက်တယ်။
အိတ်ကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ အထဲမှာ အဖိုးတန် လက်ဝတ်ရတနာတွေကို တွေ့လိုက်တယ်။ သူက သူ့ငယ်ချင်းကို ပြောလိုက်တယ်။
"ငါ ကံကောင်းတယ်ကွာ။ လက်ဝတ်ရတနာတွေ ပါတဲ့ အိတ်ဟာ ငါနဲ့ ထိုက်လို့ ငါ တွေ့လိုက်တာပဲ"
ထိုအခါ နောက်တယောက်က ပြောတယ်။ "မင်းတွေ့တယ်လို့ မပြောပါနဲ့လား။ ငါတို့နှစ်ယောက် အတူတူ လာကြရင်း တွေ့ကြတာမို့ ငါတို့ ကံကောင်းတယ်ကွာ လို့ ပြောပါကွာ။
နောက်ပြီး ခရီးသွားရင်း ပစ္စည်းကောက်ရရင် အတူ ခရီးသွားကြသူတွေ အညီအမျှ ခွဲဝေရတဲ့ ထုံးစံလည်း ရှိတယ်လေကွာ"
"အိုကွာ။ ငါ အရင် တွေ့တာမို့ ဒီအထုတ်ဟာ ငါနဲ့ပဲ ဆိုင်တယ်။ ငါပဲ ပိုင်တယ်။ မင်းကို ခွဲမပေး နိုင်ပါဘူး"
သူတို့နှစ်ယောက်ဟာ အိတ်ထဲက ပစ္စည်းတွေကို အညီအမျှ ခွဲဝေဖို့ကို ငြင်းခုန် နေကြတုန်းမှာ အနောက်ဖက်ကနေ အော်သံတခု ကြားလိုက်ရတယ်။ "ဟေ့ မပြေးကြနဲ့။ မင်းတို့ဟာ ရတနာအိတ်ကို ခိုးသွားတဲ့ သူခိုးတွေပဲ"
သူတို့နှစ်ယောက် အနောက်ဖက်ကို လှည့်ကြည့်လိုက်တော့ တုတ်တွေ၊ ဓားတွေ ကိုင်ထားကြတဲ့ လူအုပ်တအုပ်ဟာ သူတို့ဆီ ပြေးလာတာကို မြင်တွေ့လိုက် ကြရတယ်။
ရတနာအိတ်ကို ကောက်ရထားသူဟာ အခုတော့ အရမ်း ကြောက်လန့်နေပြီး "သူငယ်ချင်း၊ သူတို့ ငါတို့ဆီမှာ ရတနာအိတ်ကို တွေ့သွားရင် ငါတို့တော့ အကြီးအကျယ် ဒုက္ခရောက်ကြ တော့မယ်ကွာ"
"မင်း စောစောက ရတနာအိတ်ကို တွေ့တော့ "ငါတို့" လို့ မပြောပါဘူး။ မင်းပဲ တွေ့တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ ပြောပါကွာ။
မင်းဟာ ချမ်းသာမှု ကိုတော့ ခွဲဝေ မပေးချင်ဘဲ ဒုက္ခဆင်းရဲ ကျတော့ ခွဲဝေပေးချင်လို့ ဘယ်ရမလဲကွ။ မင်းတယောက်ထဲ အဲဒီဒုက္ခကို ခံလိုက်ပေတော့" လို့ ပြောပြီး သူ့ငယ်ချင်းကို ထားပြီး နေရာက ထွက်သွားပါတယ်။ BamawThein Phay
0 Comments