ကူညီတတ်သော နတ်သားနှစ်ပါး

ဟိုးရှေးရှေးတုန်းက လူတွေကို ကူညီဖို့ လူယောင် ဖန်ဆင်းပြီး လှည့်လည်သွားနေကြတဲ့ နတ်သားနှစ်ပါးဟာ ညမိုးချုပ်လို့ ချမ်းသာတဲ့ မိသားစုနေတဲ့ အိမ်တအိမ်မှာ ညအိပ်ခွင့် တောင်းတယ်။ အိမ်ရှင်လူကြီးဟာ ဆင်းရဲသား အယောင်ဆောင်ထားတဲ့ သူတို့နှစ်ယောက်ကို ရိုင်းရိုင်းပျပျ ဆက်ဆံတယ်။

သူတို့ကို အိမ်မကြီးထဲမှာ ညအိပ်ခွင့် မပြုဘဲ အလွန်အေးတဲ့ မြေအောက်ခန်းမှာပဲ အိပ်ခွင့်ပေးတယ်။ နတ်သားနှစ်ပါးလည်း မြေအောက်ခန်းထဲမှာ အိပ်စက်ဖို့ အခင်းခင်းပြီး ပြင်ဆင်နေကြတယ်။

နတ်သားအကြီးဟာ မြေအောက်ခန်းနံရံမှာ အပေါက်တပေါက်ကို တွေ့လို့ အပေါက်ကနေ ချောင်းကြည့်လိုက်တယ်။ ပြီးတော့ အပေါက်ကို တန်ခိုးနဲ့ ပိတ်ပစ်လိုက်တယ်။

နတ်သားအငယ်က မေးတယ်။ "အထဲမှာ ဘာမြင်လို့လဲ အကို" တဲ့။

နတ်သားအကြီးက "ဘာမှ မဟုတ်ပါဘူး" လို့ ပြန်ဖြေတယ်။

သူတို့နှစ်ယောက် မနက်စောစောမှာ အိမ်ကြီးက ထွက်လာပြီး ခရီးဆက်ကြ ပြန်တယ်။ ညမိုးချုပ်တော့ တဲအိမ်လေးတခုရှေ့ ရောက်သွားကြတယ်။

တဲရှင်ဖြစ်တဲ့ လယ်သမားကြီးနဲ့ သူ့မိန်းမကို ညအိပ်ခွင့်တောင်းတယ်။ လင်မယားဟာ သူတို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံပြီး တဲထဲမှာ ညအိပ်ခွင့် ပြုတယ်။

ဒါတင်မကဘဲ သူတို့မှာ ရှိတဲ့ အစားအသောက်လေးတွေကို ထုတ်ကျွေးတယ်။ ဒါနဲ့ နတ်သားနှစ်ပါးလည်း အဲဒီမှာ ညအိပ်လိုက်ကြတယ်။

မနက်မိုးလင်းတော့ လင်မယားနှစ်ယောက် မျက်ရည်စက်လက် ဖြစ်နေကြတာ တွေ့လို့ နတ်သားနှစ်ပါးက ဘာဖြစ်လို့လဲ လို့ မေးကြတယ်။

"သူတို့နို့ညစ်ပြီး နို့ရောင်းရင်း ပိုက်ဆံရှာနေရတဲ့ နွားမကြီး ညက သေသွားလို့ပါ" လို့ ပြန်ဖြေကြတယ်။ နတ်သားအငယ်က နတ်သားအကြီးကို ဒေါသနဲ့ ခုလိုပြောလိုက်တယ်။

"အကို ဘာကြောင့် ခုလိုဖြစ်တာကို ခွင့်ပြုရတာလဲ။ ကျွန်တော်တို့ကို ရိုင်းရိုင်းပျပျ ဆက်ဆံတဲ့ လူချမ်းသာကိုတော့ ဒုက္ခမရောက်စေဘဲ ဘာကြောင့် ကျွန်တော်တို့အပေါ် ကောင်းတဲ့ ဆင်းရဲသားအိမ်က နွားကို သေဖို့ ခွင့်ပြုရတာလဲ"

ထိုအခါ နတ်သားအကြီးက "တကယ်တော့ မင်းထင်သလို မဟုတ်ပါဘူး။ ငါတို့ လူချမ်းသာရဲ့ မြေအောက်ခန်းမှာတုန်းက နံရံမှာတွေ့တဲ့ အပေါက်ကို ငါ ချောင်းကြည့်လိုက်တယ်။ ရွှေငွေရတနာ အစုအပုံကြီး တွေ့ရတယ်။

အိမ်ရှင်ဟာ ဆင်းရဲသားတွေအပေါ် ကြင်နာမှု မရှိလို့ ငါ အဲဒီအပေါက်ကို ပိတ်ပစ်လိုက်တယ်။ ဒါကြောင့် အိမ်ရှင်ဟာ အဲဒီပစ္စည်းတွေကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်တော့ဘူး"

သူက ဆက်ပြီးပြောတယ်။ "ညက သေမင်း တဲထဲ ဝင်လာတယ်။ လယ်သမားကြီးရဲ့ မိန်းမကို လာခေါ်တာတဲ့။ ငါ သေမင်းကို ပြောလိုက်တယ်။ မိန်းမကြီး ကိုတော့ မခေါ်ပါနဲ့။ နွားမကြီးကိုပဲ ခေါ်သွားပါ ဆိုလို့ သေမင်းလည်း နွားမကြီးကို ခေါ်ပြီး ထွက်သွားတယ်" တဲ့။

တခါတလေ ကိုယ် ကြုံတွေ့ရတာကို ကံဆိုးတယ်လို့ မထင်ပါနဲ့။ ကံကောင်းတာလည်း ဖြစ်နိုင်တယ် လို့ မှတ်ပါ။ ကံဆိုးတဲ့အဖြစ်နဲ့ ကြုံရင် ဒါလေးတွေကို သတိရပါ။

သင် ကုတင်ပေါ်မှာ ညအိပ်မရလို့ စိတ်ညစ်ရင် ညအိပ်စရာအိမ် မရှိကြတဲ့ လူတွေကို သတိရပါ။ ဟင်းကောင်း မစားရလို့ စိတ်ညစ်ရင် ဆန်ပြုတ်လေးတောင် စားစရာ မရှိသူတွေကို သတိရပါ။

ဖိနပ်ကောင်းကောင်း မစီးရလို့ စိတ်ညစ်ရင် ဖိနပ်စီးစရာ ခြေထောက် မရှိကြသူတွေကို သတိရပါ။ အလုပ်ထဲမှာ အဆင်မပြေတာနဲ့ ကြုံလို့ စိတ်ညစ်ရင် အလုပ်မရှိလို့ မိသားစုကို ရှာမကျွေးနိုင်သူတွေကို သတိရပါ။

မှန်ထဲမှာ ခေါင်းက ဆံပင်ဖြူတချို့ တွေ့လိုက်လို့ စိတ်ညစ်ရင် ကင်ဆာရောဂါကြောင့် ဓာတ်ကင်ကုနေရတဲ့ လူတွေရဲ့ ခေါင်းမှာ ဆံပင်တချောင်းမှ မရှိကြတာကို သတိရပါ။

ဘဝမှာ ကြိုးစားပေမယ့်လည်း ကျရှုံးမှုတွေနဲ့ ကြုံတွေ့နေရလို့ စိတ်ညစ်ရင် ကြိုးစားဖို့ အခွင့်အလမ်း ရတဲ့အထိ အသက်ရှင်နေခွင့် မရလိုက်ကြသူတွေကို သတိရပါ။

လောကမှာ ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ခံယူချက်ပေါ် မှာ မူတည်ပါတယ်။ ကောင်းတယ်လို့ နှလုံးသွင်းရင် ကောင်းနေမှာ ဖြစ်သလို ဆိုးတယ်လို့ နှလုံးသွင်းရင် ဆိုးနေမှာပါပဲ။ ဗန်းမော်သိန်းဖေ

Post a Comment

0 Comments