ရေစစ်သုံးခုနှင့် စစ်ပါ

တနေ့မှာတော့ ဆိုကရေးတီး(စ်) ရဲ့ တပည့်တယောက်က သတင်းတခု ကြားလို့ သူ့ကို လာပြောသတဲ့။ လာပြောတဲ့ သူ့တပည့်ကိုဆိုကရေးတီး(စ်)က ပြန်ပြောလိုက်တာ လေးကို မှတ်သားသင့် လို့ပါ။

"ဆရာ၊ ဆရာ့ သူငယ်ချင်းရဲ့ သတင်းတခုကို ကျွန်တော် အခုပဲ ကြားလာတယ်"

"နေဦး ငါ့ကို မပြောခင် မင်းစကားဟာ ရေစစ် သုံးခုကို ဖြတ်နိုင် မဖြတ်နိုင် အရင် စစ်ရမယ်"

"ဘယ်လို ရေစစ်သုံးခုလဲ ဆရာ"

"ပထမရေစစ် နာမည်က အမှန်တရားတဲ့။ မင်းပြောတဲ့ စကားလုံးက လုံးဝ ရာခိုင်နှုန်းပြည့်အမှန် ဖြစ်မဖြစ် ဆိုတာ ပထမရေစစ်ထဲ ထည့်ရမယ်။

မင်းပြောတဲ့ စကားလုံးဟာ လုံးဝအမှန် ဖြစ်တယ်လို့ မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက ကြားလာတာ ဖြစ်လို့ ရာနှုန်းပြည့် မသေချာပါဘူး ဆရာ"

"အေး ကောင်းပြီ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"

"ဒုတိယရေစစ် ဆိုတာ ဘာလဲဆရာ"

"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့။ မင်း အခု ပြောမဲ့ စကားက ကောင်းကျိုးကို ဖြစ်စေမှာလား"

"မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ် ဆရာ"

"ဒါဆို မင်းပြောတဲ့ စကားလုံးက မှန်လည်း မမှန်ဘူး၊ မကောင်းတာလည်း ဖြစ်ဖို့ များတယ်ပေါ့"

"ဟုတ်ပါတယ်ဆရာ"

"အေး နောက်ဆုံးကျန်တဲ့ ရေစစ်ထဲ ထည့်ကြည့်ရအောင်"

"ဘာရေစစ်လဲ ဆရာ"

"အဲဒီရေစစ် နာမည်က အသုံးဝင်မှု တဲ့။ မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှု ဖြစ်စေမှာလား"

"အမ် သိပ်မသေချာဘူး ဆရာ"

"ဒါဆို မင်းငါ့ကိုလာပြောမယ့် ဟာက မှန်လည်း မမှန်ဘူး၊ မကောင်းတာလည်း ဖြစ်ဖို့များတယ်။ ပြီးတော့ အသုံးဝင် ဖို့လည်း သိပ်မသေချာဘူး ဆိုရင် ငါ့ကို ဘာဖြစ်လို့ လာပြောချင်ရတာလဲ" တဲ့။

မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ်။ မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။ မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။ အတင်းအဖျင်း စကား တောင်စဉ် ရေမရ အဓိပ္ပါယ် မရှိတဲ့ စကားတွေကို နားလည်း မထောင်ပါနဲ့ လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့။ Crd

Post a Comment

0 Comments