တရံရောအခါ လယ်သမားလင်မယား နှစ်ယောက်သည် လယ်ကွက်တခုတွင် တဲထိုး၍ နေကြ၏။ သူတို့တွင် သားကလေး နှစ်ယောက် ရှိ၏။ နေ့သောအခါ မိဘများ လယ်တောသို့ အလုပ် သွားလုပ်စဉ် သားနှစ်ယောက်သည် အိမ်စောင့်၍ ကလေးဘာဝ ကစားလျက် နေရစ်ကြ၏။
ရှင်ဘုရင်သည် တိုင်းသူပြည်သား တို့၏ အခြေအနေကို သိရန် ဆင်းရဲသား ဟန်ဆောင်လျက် လှည့်လည် စုံစမ်းစဉ် မိုးကြီးသည်းထန်စွာ ရွာချ၏။
လေပြင်းမုန်တိုင်း တိုက်သဖြင့် သစ်ပင်မှ သစ်ကိုင်းများ ကျိုးပဲ့ကုန်၏။ ကောင်းကင်မှ မိုးသီး၊ မိုးပေါက်များ ကျလျက် ပတ်ဝန်းကျင် တခုလုံး မှောင်မည်းလာလေ၏။
ရှင်ဘုရင်သည် လမ်းမှား၍ နန်းတော်သို့ မရောက်ဘဲ ကလေးငယ်နှစ်ဦး ကစားနေသော တဲသို့ ရောက်သွား၏။ ကလေးငယ် နှစ်ဦးသည် ရှင်ဘုရင်မှန်း မသိကြဘဲ ဘုရင်ကြီးနှင့် ရယ်မောကာ စကားပြောဆို ကြလေသည်။
"ဘယ့်နှယ်၊ ဘကြီး လမ်းမှားလာသလား။ မိုးကလည်း ရွာလွန်းတယ်။ ဘကြီးတကိုယ်လုံး ရွှဲရွှဲစိုကုန်ပါပကော" ဟု ဆိုကြ၏။
"ဟုတ်တယ် မောင်တို့ရယ်၊ ဘကြီး မောင်တို့တဲမှာ မိုးခိုရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘကြီးက အရေးကြီးနေလို့ မိုးတိတ်အောင် မစောင့်နိုင်ဘူးကွဲ့။ ထီးများ မရှိဘူးလား" ဟု ဘုရင်ကြီးက မေး၏။
"ထီးဆိုလို့ တလက်သာ ရှိပါတယ်။ အဲဒီထီးကို အဖေ အမေတို့ နှမြောလွန်းလို့ ဘယ်တော့မှ မဆောင်းပါဘူး။ အခန်းထောင့်မှာပဲ အမြဲ ထောင်ထားပါတယ်" ဟု ကလေးတယောက်က ဆိုလေသည်။
ဘုရင်ကြီးက ထီးကို ကြည့်ပါရစေဟု ပြောရာ ကလေးတို့က ထီးကို ယူလာပြီး ပြကြလေသည်။ ထီးမှာ ထန်းရွက်နှင့် လုပ်ထားသော ထီးဟောင်း ထီးစုတ်ကြီး ဖြစ်သည်။
"ဒီထီးကိုပဲ ဘကြီးကို ငှားလိုက်ပါ။ ကျေးဇူးတင်ပါတယ်" ဟု ဘုရင်ကြီးက ပြောရာ ကလေးနှစ်ယောက်က "ငှားလိုက်ပါ့မယ်။ မြန်မြန်သာ ပြန်ပို့ပါ။ မပို့ရင် ကျွန်တော်တို့ကို မေမေရိုက်ပါလိမ့်မယ်" ဟု ဆိုကြ၏။
"ကောင်းပါပြီ။ ဘကြီး အိမ်ရောက်ရောက်ချင်း ကလေးတို့ထီးကို ပို့လိုက်ပါ့မယ်" ဟု ဘုရင်ကြီးက ပြောဆိုလျက် ထီးစုတ်ကြီးကို ဆောင်းကာ တဲအတွင်းမှ ထွက်သွားလေသည်။
ညနေ မိုးတိတ်၍ မိဘများ ပြန်လာကြ၏။ ကလေးတို့က ထီးကို ဘကြီးတယောက်အား ငှားလိုက်ကြောင်း၊ အိမ်ရောက်ရောက်ချင်း ထီးကို ပြန်ပို့လိုက်မည် ဖြစ်ကြောင်း မိဘများကို ပြောပြကြ၏။
မိဘများက အသက်အရွယ်ကြီးသူ အဘိုးအရွယ်၊ အဘအရွယ် ပုဂ္ဂိုလ်တို့ကို ကူညီခြင်းသည် ကုသိုလ်ရကြောင်း သားတို့ကို ပြောဆိုနေစဉ် မြင်းဖြူလေးကောင်ကသော ရထားတစီး တဲရှေ့တွင် ဆိုက်လာလေ၏။ ရထားတွင် လူတယောက်သည် ထီးကို ပက်လက်လှန် ဖွင့်ပြီး ခေါင်းပေါ်တင်၍ ရွက်လာသည်။
"ဟော ဟိုမှာအမေ ကျွန်တော်တို့ ထီးကြီးကို ရွက်လာပြီ" ဟု ကလေးတို့က ဆိုကြ၏။ ရွက်လာသူက "ထီးကို ဘုန်းတော်ကြီးမြတ်သော ရှင်ဘုရင်၏ အမိန့်နှင့် ယူလာရပါသည်။ လက်ဆောင်များလည်း ထီးထဲမှာ ပါလာပါတယ်" ဟု ဆိုလျက် ထီးကို အောက်သို့ ချလိုက်၏။
ထို့နောက် ထီးထဲမှ ပါလာသော ရွှေဒင်္ဂါး ငွေဒင်္ဂါးများကို သူငယ်တို့အားပေး၍ နံနက်က ထီးငှားသွားသူမှာ အခြားမဟုတ်၊ ဘုရင်မင်းမြတ်ပင် ဖြစ်ကြောင်း ပြောဆိုလေသည်။
ထိုအခါ လယ်သမား မိသားစုမှာ ရွှင်လန်းဝမ်းမြောက် ကြလျက် မိခင်ဖခင်တို့က ငါ့သားကလေးများ လိမ္မာကြပါပေတယ် ဟု ပြောဆိုချီးမွမ်း ကြလေသတည်း။ (ထီးစုတ်ကြီး - ပဉ္စမတန်း မြန်မာဖတ်စာအုပ်မှ)
0 Comments