တခါတုန်းက လယ်သမား တယောက်ထံမှာ အိုးလေး၂ လုံး ရှိပါတယ်။ ပထမအိုးလေး ကတော့ အကောင်းအတိုင်းပဲ ဖြစ်ပြီး ဒုတိယအိုးလေး ကတော့ နှုတ်ခမ်းပဲ့လေး ဖြစ်ပါတယ်။
လယ်သမားဟာ အိမ်အတွက် လိုအပ်တဲ့ သုံးရေကို စမ်းချောင်းလေး ထဲကနေ အမြဲ သွားခပ်ရလေ့ ရှိပါတယ်။ အိုး ၂ လုံးကို ထမ်းပိုးနဲ့ ထမ်းပြီး သယ်လေ့ ရှိပါတယ်။
အိုးကောင်းလေးနဲ့ အိုးပဲ့လေး ၂ အိုး စလုံးကို လယ်သမားက ရေအပြည့်ထည့် သယ်လေ့ ရှိပေမယ့် လယ်သမားရဲ့ လယ်တဲကို ရောက်တဲ့အခါ မှာတော့ အမြဲတမ်း အိုးနှုတ်ခမ်းပဲ့လေးဟာ ရေအပြည့် မပါတတ် ပါဘူး။
အိုးကောင်းလေးနဲ့ ယှဉ်ပြီး အိုးနှုတ်ခမ်းပဲ့လေးဟာ အမြဲ အားငယ်နေလေ့ ရှိပါတယ်။ သူအမြဲ ညည်းညူလေ့ ရှိတာက "ငါ့သခင်အတွက် ငါက တာဝန်မကျေခဲ့ဘူး၊ ရေကို အမြဲ အပြည့်အဝ မသယ်ပေးနိုင် ခဲ့ဘူး" ဆိုပြီး
သူ့ကိုယ်သူ အမြဲ စိတ်ဓာတ်ကျအားငယ်နေလေ့ ရှိပါတယ်။ အိုကောင်းလေး ကိုလည်း သူက ထိုကဲ့သို့ ညည်းပြလေ့ ရှိပါတယ်။
တနေ့ကျတော့ လယ်သမားဟာ ရေခပ်ဖို့ အတွက် အိုး၂ လုံးကို ထမ်းယူပြီး စမ်းချောင်းကနေ ပြန်လာပါတယ်။ အိုးကောင်းလေးဟာ အိုးပဲ့လေးကို လှမ်းမေးလိုက် ပါတယ်။
"ကဲ သူငယ်ချင်းရေ အခု ပြန်လာတဲ့ လမ်းက ပန်းပင်လေးတွေ ဝေဝေဆာဆာ ပွင့်နေတာကို တွေ့ရဲ့လား" လို့ မေးလိုက်ပါတယ်။
အိုးနှုတ်ခမ်းပဲ့လေးကလည်း ပြန်ဖြေပါတယ်။ "အင်း တွေ့ပါတယ်။ သူငယ်ချင်းရေ၊ ပန်းလေးတွေက တောပန်းလေးတွေ ဖြစ်ပေမယ့် ဝေဝေဆာဆာ ပွင့်နေတာ လှလိုက်တာ"
ထိုအခါ အိုးကောင်းလေးက အခုလို ပြောပါတယ်။ "ဟုတ်တယ် အဲဒါ မင်း ရေလောင်းပေးခဲ့တဲ့ အပင်လေးတွေ ပဲပေါ့။ မင်းကို လယ်သမားက အမြဲတမ်း အဲဒီ ပန်းပင်လေးတွေ ဘက်ကနေ သယ်နေတာ အကြောင်းရှိတယ်။
မင်းရဲ့ အိုးနှုတ်ခမ်းပဲ့ နေရာက ထွက်ကျတဲ့ ရေတွေက ပန်းပင်လေးတွေ အတွက် ရေဖြန်းပြီးသား ဖြစ်စေတာမို့ ပန်းပင်လေးတွေ ဝေဆာ လှပစွာ ပွင့်လန်းလာ ရတာပေါ့။ မင်းကြောင့် ပန်းလေးတွေ ပွင့်လန်းလာရပြီး လှပတဲ့ ပန်းခင်းလေး ဖြစ်လာတာ"
အိုးကောင်းလေးရဲ့ စကားကို ကြားတဲ့ အခါမှ အိုးနှုတ်ခမ်းပဲ့လေးဟာ သူ့တန်ဖိုးကို သူနားလည်သွား ရပါတော့တယ်။
ကိုယ့်ရဲ့ အားနည်းချက်ကိုချည်း အာရုံစိုက်ခြင်းက စိတ်ဆင်းရဲ စေပါတယ်။ ကိုယ့်ရဲ့ အားနည်းချက် ကနေမှ အားသာချက် ဖြစ်လာနိုင်သလို၊ အဆိုးထဲကနေ အကောင်း ရှာတွေ့နိုင်တာ ရှိပါတယ်လို့ မီးမောင်းထိုးပြ လိုက်တာပဲ ဖြစ်ပါတယ်။
လူတိုင်းဟာ သူ့နေရာနဲ့သူ တန်ဖိုးတော့ ရှိကြတာ ဖြစ်တယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ BAWA
0 Comments