နာရီနှင့် လူတန်းစား

ကျနော် အသက် ၆ နှစ်ပြည့်မှာ မေမေက နာရီကြည့်နည်း သင်ပေးပါတယ်။ "ဒီလိုသားရဲ့ လက်တံ အရွယ် ၃ မျိုးကို တွေ့တယ်မဟုတ်လား။ လက်တံ အရှည်ဆုံးက စက္ကန့်တံလို့ ခေါ်တယ်။ သူကတော့ အလုပ် အများဆုံး ပေါ့။

ဒါပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ သူမှ အလုပ် မလုပ်ရင် ကျန်တဲ့ လက်တံတွေပါ အလုပ် မလုပ်တော့ဘူးပေါ့"

"ဒါဆို သူက အဓိကပေါ့နော် မေမေ" ဟု ကျနော်က ပြောလိုက်တယ်။

"မဟုတ်ဘူး သားရဲ့ အချိန်ကို ပြောရင် စက္ကန့် ထည့်မပြောဘူး" လို့ မေမေက ဖြေတယ်။ ကျနော်က ထပ်မေးတယ်။ "မေမေ ပြောတော့ စက္ကန့်တံက အလုပ် အများဆုံးဆို။ သူ့ကိုပါ ပြောရမှာပေါ့"

မေမေက ပြန်ပြောတယ်။ "အလုပ်သာ များတယ် သူလုပ်တာကို ဘယ်သူမှ ဂုဏ်ဖော်ပြီး မပြောဘူး။ မလိုအပ်ဘူးလို့ ထင်နေကြတယ်လေ။ လူတန်းစား အနေနဲ့ ကြည့်ရင် အောက်ခြေ လူတန်းစားမျိုးပေါ့" တဲ့။

အမေက ဆက်ပြောတယ်။ "စက္ကန့်တံထက် နည်းနည်း တိုတာတွေ့လား။ အဲဒါက မိနစ်တံလို့ ခေါ်တယ် သားရဲ့။ သူကတော့ စက္ကန့်တံလေး လှည့်နေတာ ၁ ပတ်ပြည့်မှ နည့်နည်းပဲ ရွေ့တာ။

သူလည်း အလုပ် လုပ်ရပေမယ့် သူကတော့ သူ့နာမည်ကို ရအောင် ယူတတ်တော့ နာရီကြည့်ရင် သူ့နာမည်ပါ ထည့်ပြောရတယ်။ စက္ကန့်လေး ကြိုးစားသမျှ သူက သာသာလေး နာမည်ယူရုံပဲ။ လူတန်းစား အနေနဲ့ ပြောရရင် ပညာတတ် လူတန်းစားပေါ့" တဲ့။

အမေက ဆက်ပြောတယ်။ "နောက်ဆုံး အတိုဆုံး လက်တံလေး တွေ့လား။ အဲဒါ နာရီ လက်တံပဲ သား။ သူကတော့ မိနစ်တံလေး တပတ် ပြည့်မှ ဂဏန်းတခုကနေ တခု သိသိသာသာ ပြောင်းတယ်။

အဲဒီလို လူမျိုးကျတော့ အုပ်ချုပ်သူ လူတန်းစားပေါ့။ စက္ကန့် ရပ်နေတယ် ပျက်နေတယ်လို့ မပြောဘူး။ နာရီ ပျက်နေတယ် လို့ပဲပြောတယ်။ နာရီဆိုတာ အဲ့ဒီ အတိုဆုံး အချောင်းလေးပေါ့ သားရယ်" တဲ့။

ကျနော် အရွယ်ရောက်တော့ လုပ်ငန်းခွင်ထဲမှာ အမေ ပြောတဲ့ လူ ၃ မျိုးကို တွေ့ရတယ်။ ကျနော် တွေ့တာကတော့ အလွှာပေါင်းစုံမှာ စက္ကန့်လို လူတွေ တွေ့ရတယ်။

အလုပ် အရမ်းလုပ်တယ် အကောင်း အပြော မခံရဘူး။ ဘေးထုတ်ထားကြတယ်။ ဒါပေမယ့် သူအလုပ်သူ ပုံမှန်လုပ်တယ်။

မိနစ်လို လူမျိုးကျပြန်တော့ အလုပ် လုပ်တယ်။ ဆရာကြီး ဝင်လုပ်တယ်။ တခါတလေမှ လုပ်တတ်တယ်။ သူ့တို့ ကြတော့ နေရာ အသင့်တင့် ရကြတယ်။

ဘာမှ မယ်မယ်ရရ မလုပ်၊ သူများ လုပ်တာတွေ အကုန် သူလုပ်သလိုလို ဆရာကြီး ဝင်လုပ် နာမည်ယူတတ် သူများကျတော့ နာရီလို လူမျိုးပေါ့။ လူကြီးချစ်။ အပေါ်ဖား အောက်ဖိနဲ့ လူမျိုးတွေပါ။ မိတ်ဆွေရော ဘယ်လို လူမျိုးလဲ။ Crd

Post a Comment

0 Comments