တခါက အမျိုးသမီး တယောက်ဟာ အိမ်တံခါးကို ဖွင့်လိုက်တိုင်း တံခါးဝရှေ့မှာ ငါးအသေ တကောင်ကို တွေ့ရတယ်။
ယင်ကောင် တလောင်းလောင်းနဲ့ ငါးသေကောင်ကြောင့် သူမဟာ ညည်းညူပြီး ငါးကို အိတ်ထဲ ထည့်ပြီး ချက်ချင်း ပစ်ထုတ်တယ်။
နောက်တနေ့မှာလည်း အဲဒီလိုပဲ ငါးအသေ တကောင်ဟာ သူ့တံခါးဝရှေ့ ရောက်လာပြန်တယ်။ သူပစ်ထုတ် ပြန်တယ်။ ဒီလိုမျိုး ငါးအသေကောင်တွေ လာလာထားပြီး သူမကို စိတ်ရှုပ်အောင် လာလုပ်နေတဲ့ သူကို ထောင်ဖမ်းဖို့ သူမ ဆုံးဖြတ်လိုက်တယ်။
အဲဒီလိုနဲ့ တနေ့မှာ လှေကားအကွယ်မှာ ရပ်ပြီး တံခါးဝ ဘက်ဆီ သူမ စောင့်ကြည့်နေ ခဲ့တယ်။ သိပ်မကြာပါဘူး ကြောင်တကောင်ဟာ ပါးစပ်မှာ ငါးတကောင်ကို ကိုက်ပြီး ရောက်လာတယ်။
အဲဒီကြောင်ဟာ ငါးကို တံခါးဝမှာ ထားပြီး နောက်ပြန် လှည့်ကြည့်ရင်း လှည့်ကြည့်ရင်းနဲ့ အဝေးကို ထွက်သွားပါတယ်။
ကြောင်ကို သူမ သေချာ ကြည့်လိုက်တော့ အဲဒီကြောင်ဟာ တချိန်က သူမ ကယ်တင်ခဲ့ဖူးတဲ့ ကြောင်ဖြစ်နေတာကို တွေ့လိုက်ရ ပါတော့တယ်။
သင် နှစ်သက်ချင်မှ နှစ်သက်မယ်၊ သင့်အတွက် လိုအပ်ချင်မှ လိုအပ်မယ် ဆိုပေမယ့် အကောင်းဆုံးလို့ သူထင်တဲ့ သူ့မှာ ရှိတဲ့အရာကို သင့်အတွက် သူပေးဆပ်တယ်။ ချစ်ခင်သူတွေ ဆိုတာကလည်း အဲဒီလိုပါပဲ။
အိမ်မွေးကြက်ဥ တခြင်း၊ ခြံထွက် ငှက်ပျောသီးလေး တခိုင်၊ ကိုယ်တိုင် ချုပ်ထားတဲ့ အဝတ်တစုံ၊ ကိုယ်တိုင် ကြော်ချက်တဲ့ ငါးပိကြော် တဗူး၊ ဂရုစိုက်တဲ့ စကားတခွန်း၊
ကျန်းမာပါစေ ဆိုတဲ့ တောင်းဆုတခု၊ ဗျစ်တောက် ဗျစ်တောက် ပြောနေတတ်တဲ့ သတိပေးစကား တခွန်းကို သင့်အတွက် လက်ဆောင် ပါးလိုက်တယ်။
ဒါတွေဟာ သင့်အတွက် လိုအပ်ချင်မှ လိုအပ်မယ်၊ သင်ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမယ့် ဒါတွေဟာ သူတို့မှာ ရှိတဲ့ အကောင်းဆုံး အရာတွေ ဖြစ်ပါတယ်။
ဘာမှ မတောင်းဆိုချင် ပါဘူး။ ကျေးဇူးတရား သိတတ်တဲ့သူ ဖြစ်ဖို့ကိုပဲ ကိုယ့်ကိုယ်ကို တောင်းဆိုမိတယ်။ ကျွန်တော်ကတော့ ချစ်တဲ့သူတွေ ဘာပေးပေး အကုန် လက်ခံမယ်လို့ ကတိပြု ပါတယ်။ phoomyatchal
0 Comments