တခါတုန်းက သင်တန်းဆင်းခါစ ပန်းချီဆရာပေါက်စ တယောက်ဟာ သုံးရက်တိတိ အချိန်ယူပြီး အလွန်လှပတဲ့ ရှုခင်းပန်းချီကား တခုကို ရေးဆွဲခဲ့တယ်။
ပြီးနောက်မှာတော့ သူ့ရဲ့ လက်ရာနဲ့ ကျွမ်းကျင်မှုကို လူတွေ ဘယ်လိုများ အကဲဖြတ်ကြမလဲ ဆိုတာ သိချင်တာနဲ့ အဲဒီ ပန်းချီကားချပ်ကို လူသွားလူလာ များတဲ့ လမ်းဘေးမှာ ခင်းကျင်းလိုက်တယ်။ ပန်းချီကား အောက်မှာလည်း အောက်ပါအတိုင်း ရေးထားလိုက်တယ်။
"ကျွန်တော်ဟာ လက်သစ် ပန်းချီဆရာ တယောက်ပါ။အတွေ့အကြုံ နုနယ်သေးလို့ ကျွန်တော်ဆွဲထားတဲ့ ဟောဒီ ပန်းချီကားထဲမယ် အမှားများ၊ အမြင်မတော်တာများ တွေ့ခဲ့ရင် ကြက်ခြေခတ် ခြစ်ပြီးညွှန်ပြပေးပါ"
ညနေ ပန်းချီကား ပြန်သိမ်းဖို့ လာတဲ့ ပန်းချီဆရာလေးဟာ အလွန်ကို ကြေကွဲ ဝမ်းနည်းသွား ရှာတယ်။ သူ့ပန်းချီကား တခုလုံး ကြက်ခြေခတ်ရာတွေနဲ့ ပြည့်နေတာကိုး။ တချို့ဆို ပန်းချီကားပေါ် စာတွေတောင် ရေးသွားသေးတယ်။
ပန်းချီဆရာငယ်ဟာ သူ့ဆရာအိမ်ကို မျက်ရည်တွေနဲ့ ရောက်လာတယ်။ ဟောဟဲ ဆိုက်နေတဲ့ သူဟာ အသံတုန်တုန်ရီရီနဲ့ အခုလို ပြောတယ်။
"ကျွန်တော် အသုံးမကျသူပါ ဆရာ။ ကျွန်တော် ကြိုးစားသင်ခဲ့သမျှ ပန်းချီပညာဟာ ဒီအဆင့်ပဲ ဆိုရင်တော့ပန်းချီဆရာ မဖြစ်ထိုက်တော့ပါဘူး ဆရာရယ်။ အခုလူတွေက ကျွန်တော့်လက်ရာကို ဒီလို ဝေဖန်လိုက်ကြတာ ကျွန်တော် သေမလောက် ခံစားရပါတယ် ဆရာ"
ထိုအခါ ဆရာကြီးက ပြုံးတယ်။ "ဒီမယ် ကောင်လေး။ မင်းဟာ ပြီးပြည့်စုံတဲ့ ပန်းချီပညာကို ဆည်းပူးခဲ့တဲ့ ပန်းချီပညာရှင် တယောက်ဖြစ်ကြောင်း ငါ သက်သေပြမယ်။ ငါပြောသလို လုပ်။ ပြန်မမေးနဲ့။ ပြီးမှ မင်းသိရလိမ့်မယ်"
ပန်းချီဆရာငယ်ဟာ စိတ်မပါတပါနဲ့ သဘောတူ လိုက်တယ်။ နောက်နှစ်ရက် အကြာမှာ အရှေ့က ဆွဲခဲ့တဲ့ ပုံနဲ့ တထပ်တည်း ကျတဲ့ ပန်းချီကားကိုပဲ ထပ်ဆွဲပြီး ဆရာကြီးဆီ ယူလာတယ်။ ပန်းချီဆရာကြီးက ပန်းချီကားကို အသေအချာ ကိုင်တွယ်ကြည့်ပြီး ပြုံးလိုက်တယ်။
နောက်ပြီး သူ့ကို အရင် သူပန်းချီကား ခင်းခဲ့တဲ့ လမ်းဆီကိုပဲ ပြန်သွားစေတယ်။ နောက်ပြီး အရင်ကခင်းတဲ့ နေရာ အတိအကျမှာပဲ ဒီပန်းချီကားကို ထပ်ခင်းစေပြီး အောက်မှာ အောက်ပါအတိုင်း ရေးသားလိုက်တယ်။
"လူကြီးမင်းများခင်ဗျာ ကျွန်တော်ဟာ လက်သစ် ပန်းချီဆရာ တယောက်ပါ။ အတွေ့အကြုံ နုနယ်သေးလို့ ကျွန်တော် ဆွဲထားတဲ့ ဟောဒီ ပန်းချီကားထဲမယ် အမှားများ၊ အမြင်မတော်တာများ တွေ့ခဲ့ရင်
အသင့်ချထားတဲ့ စုတ်တံများနဲ့ ဆေးရောင်စုံများ သုံးပြီး ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်" ပြီးနောက် ဆရာတပည့်နှစ်ယောက် အိမ်ကို ပြန်သွားကြတယ်။
ညနေ ပြန်လာတော့ တပည့်ဖြစ်သူမှာ အံ့သြလို့ သွားတယ်။ ပန်းချီကားပေါ်မှာ ခြစ်ရာ တခုတလေမှ ရေးထားတာ မတွေ့ရဘူး။နောက်နေ့ ပြန်ကြည့် ပြန်တော့လည်း ဒီအတိုင်းပဲ မတို့မထိ ထားကြပါဘူး။ တလတိတိ အဲဒီနေရာမှာ ထားသော်လည်း တစုံတယောက်ကမျှ ပြင်ဆင်ခြင်း မပြုကြလေဘူး။
ပုံပြင်ရဲ့ အနှစ်ချုပ် ကတော့ အပြစ်တင် ဝေဖန်ဖို့ လွယ်ပါတယ်။ ကောင်းအောင် ပြုပြင်ဖို့ ခက်ပါတယ်။ ဒါကြောင့် တပါးသူရဲ့ ပြစ်တင်ဝေဖန်မှုမှာ မျောပါပြီး စိတ်ဓါတ်မကျပါနဲ့။ ကိုယ့်ကိုယ်ကိုသာ စီရင်ပါ။ သင်ဟာ အကောင်းဆုံး တရားသူကြီးပါပဲ။ Crd
0 Comments