လူတယောက် သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကို ကြိုးချည် ထားတတ်သည်။ ဘာကြောင့်မှန်း မသိခဲ့ပါ။ ထုံးစံအရ လုပ်သည် ဟုသာ နားလည်ထားခဲ့၏။ ဟိုတုန်းက ဆရာတော်တပါး ဟောကြားသော တရားကို နာရင်း ဤအကြောင်းကို သိခွင့်ရခဲ့ သည်။
ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ နားထောင်ရင်း သဘောကျမိသည်။ မိတ်ဆွေများ အကျိုးရှိနိုင်သည့် အတွက် ဖော်ပြလိုက်ပါသည်။
တခါတုန်းက လယ်ပိုင်ရှင် သူဌေးတယောက်ဆီမှာ အခစား လုပ်သည့် သူရင်းငှား တယောက် ရှိပါတယ်။ သူဟာ နေ့စဉ် လုပ်နေသော်လည်း ကြီးပွားတိုးတက်ခြင်း မရှိ၍ စိတ်ပျက်နေသတဲ့။
တနေ့မှာတော့ သူဟာ ဒီလို စဉ်းစားမိ သွားပါတယ်။ လယ်ပိုင်ရှင်ထံ လယ်တောင်းမည်။ ကိုယ်ပိုင် လယ်လုပ်ခွင့် ရလျှင် စီးပွားရေး အဆင်ပြေနိုင်တယ် လို့ပေါ့။ အဲဒါနဲ့ သူဌေးထံမှာ လယ်တောင်းပါတယ်။
"သူဌေး၊ သူဌေးမှာ မျက်စိတဆုံး လက်ညှိုးထိုးမလွဲ လယ်တွေ အများကြီးပါ။ ကျွန်တော့်မှာ လယ်တကွက်တောင် မရှိဘူး။ ဒါကြောင့် လယ်တရှင်စာလောက် ပေးပါ" (လယ်တရှင်စာဆိုတာ နွားနှစ်ကောင်နဲ့ တမိုးတွင်း လုပ်ကိုင်လောက်တဲ့ မြေကို ပြောတာပါ)
သူဌေးက သူရင်းငှားကို ကြည့်ပြီး သနားသွားပါတယ်။ "အေး မင်းလိုချင်သလောက် ငါပေးမယ်။ ရော့ ဒီမှာ ငုတ်တချောင်း၊ ရော့ ဒီမှာ တုတ်တချောင်း ဒီကနေ သွားပါ။ မင်းလိုချင်သလောက် လယ်မြေကို ရောက်ရင်ငုတ်ကို တုတ်နဲ့ ရိုက်ပြီး မှတ်ထားခဲ့။ ငုတ်အတွင်းကို မင်းပိုင်တဲ့ မြေအဖြစ် မှတ်ထားခဲ့"
သူဌေးစကားဆုံးတော့ သူရင်းငှားခမျာ ဘယ်လောက် ဝမ်းသာလိုက်မလဲ စဉ်းစားကြည့်ပါ။ သူဟာ တုတ်နဲ့ ငုတ်ကို ကိုင်ပြီး ခပ်သွက်သွက် လျှောက်သွားပါတယ်။ ပြီးတော့ နောက်ပြန်ကြည့် လိုက်ပါတယ်။ စိတ်ထဲမှာလည်း တွေးလိုက်ပါတယ်။ "နည်းသေးတယ်။ ငါလမ်းလျှောက်တာ နှေးလို့ ဖြစ်မယ်" ဆိုပြီး မပြေးရုံတမယ် သွားပြန်ပါတယ်။
မိမိရ ပြီးသား ဥစ္စာများနှင့် နောက်ထပ်ရမည့် ပစ္စည်းဥစ္စာများကို တဏှာမျက်လုံးနှင့် ကြည့်လျှင် အဖြေက တခုတည်း ဖြစ်ပါသည်။ "နည်းသေးတယ်" ဟူ၍ ဖြစ်ပါသည်။
မိတ်ဆွေများ ခင်ဗျာ၊ မိုးလင်းမှ မိုးချုပ် တကုပ်ကုပ်နဲ့ မမောနိုင် မပန်းနိုင် ရှာဖွေနေကြခြင်းသည် တဏှာက ခိုင်းလို့ ဖြစ်ပါသည်။ မိုးချုပ်လို့ စာရင်းသိမ်းပြီး နည်းသေးတယ်၊ ထပ်ရှာဦးမယ်လို့ တွေးခြင်းသည် တဏှာ၏သတ္တိ ဖြစ်ပါသည်။
ဘုရား မသွားနိုင်၊ ကျောင်းမတက်နိုင်အောင် ခိုင်းနေတာ တဏှာပင် ဖြစ်သည်။ တရား မနာနိုင်အောင်၊ ခုနှစ်ရက်မျှ တရားအားမထုတ်နိုင်အောင်၊ တရားအတွက် အချိန်မပေးနိုင်အောင် ခိုင်းနေတာ တဏှာ ဖြစ်၏။
ရက်ကြီး အခါကြီးမှာ အများသူငါတွေ ကုသိုလ်တွေပြုတာတွေကို မြင်သော်လည်း ဒီရက်က ဈေးရောင်းလို့ ပိုကောင်းတယ် ဆိုပြီး ဘုရားကျောင်းကန် မျက်နှာလွှဲတာ တဏှာကြောင့် ဖြစ်သည်။
သူရင်းငှားက နည်းသေးတယ် ဆိုတဲ့ အတွေးနဲ့ ငုတ်နဲ့ တုတ်ကို မြေမှာချ၊ ခါးတောင်းကို မြှောင်အောင် ကျိုက်ပြီး တုတ်နဲ့ ငုတ်ကိုကိုင်ပြီး ပြေးပါတော့တယ်။ များများရဖို့ မြန်မြန် ပြေးနေခြင်းပါ။
ပြေးရင်း ပြေးရင်း အမောဆို့ပြီး လယ်ကွက်တခုထဲကို မှောက်လဲ သွားပါတယ်။ ကူမည့်သူ မရှိပဲ မှောက်လဲနေတော့ ပါးစပ်ထဲ နှာခေါင်းထဲမှာ ရေဝင်ပြီး သေသွားပါတယ်။
အတော်ကြာမှ လယ်ပိုင်ရှင်က "ဟေ့ သူရင်းငှား လယ်ယူဖို့ သွားတာ အခုထိ ပြန်လာတာ မတွေ့သေးဘူး။ လာ လိုက်ကြစို့" လို့အနီးရှိ လူများခေါ်ပြီး လိုက်ကြည့်ပါတယ်။ လယ်ကွက်ထဲမှာ မှောက်လဲ သေတာ တွေ့တော့ စိတ်မကောင်းစွာနဲ့ ဘေးက လူတွေကို ပြောပါတယ်။
"အင်း ငါက လယ်မြေတွေကို လိုသလောက် ပေးတယ်။သူက ခြောက်ပေပဲ ယူသွားတယ်" လို့ ပြောပြီး မြေမြှုပ်ဖို့ ခြောက်ပေတွင်း တတွင်း တူးခိုင်းပါတယ်။
တွင်းတူးနေတုန်းမှာ မှောက်ခုံကြီး သေနေတဲ့ သူရင်းငှားကို ပက်လက်လှန် လိုက်ပါတယ်။ လက်ထဲက တုတ်နဲ့ ငုတ်ဟာ ပြုတ်မထွက်ဘဲ ကိုင်ထားမြဲ ဖြစ်နေပါတယ်။ ဒါကို လယ်ပိုင်ရှင်က သေသေချာချာ ကြည့်ပြီး အလောင်းကို တွင်းထဲ မချခင် တုတ်နဲ့ ငုတ်ကို သူရင်းငှား လက်ထဲမှ ဖြုတ်လိုက်ပြီး ကြိုးတချောင်းနဲ့ လက်မနှစ်ချောင်းကို ပူးချည် လိုက်ပါတယ်။
ဘေးက လူတွေက လယ်ပိုင်ရှင်ကို "ဘာလုပ်ဖို့ ချည်တာလဲ" လို့ မေးတော့ လယ်ပိုင်ရှင်က ပြန်မဖြေသေးဘဲ ခြေမနှစ်ချောင်းကို ပူးပြီး ကြိုးနဲ့ ချည်ပြန်ပါတယ်။ ပြီးမှ ဘေးက လူတွေကို ရှင်းပြပါတယ်။
"တုတ်နဲ့ ငုတ် ကိုင်ပြီး ညည ပြေးနေမှာ စိုးလို့ ခြေမနဲ့ လက်မကို ကြိုးချည်ထားတာပါ" လို့ ဖြေလိုက်ပါတယ်။ မကြာခဏ ဆိုသလို မိမိကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေး တခု ရှိပါတယ်။ နင် ပြေးနေတုန်းလား၊ ငုတ်ရိုက်နေပြီလား ဆိုတာ ပါပဲ။ ဓမ္မဒူတ(အရှင်ပညာဝရ)
0 Comments