တခါက ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင် သေးသေးလေး တဆိုင်မှာ ကောင်မလေးတယောက်က ထမင်း လာမှာစားတယ်။ ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်
"ဟိုလေ သမီးကို ထမင်းအလွတ် တပွဲလောက် ရောင်းပေးလို့ရလား။ သမီးပိုက်ဆံ မလောက်လို့ပါ"
"ရပါတယ် သမီးရယ်" ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးက
" ယောက်ျားရေ ထမင်းအလွတ် တပွဲလောက် လုပ်ပေးပါဦး။ အော် ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့ မမေ့နဲ့နော်"
ယောက်ျားဖြစ်သူက ထမင်းအဖြူတပွဲကို ကောင်မလေး ထိုင်နေတဲ့ ခုံမှာ သွားချပေး လိုက်တယ်။
ကောင်မလေးက သူ့ကို ထပ်မှာတယ်။
"ဟိုလေ သမီးအတွက် နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာ တထုပ် ထပ်လုပ်ပေးလို့ ရလားရှင့်"
ကောင်မလေးခမျာ ပြောသာ ပြောနေရတယ် သူ့မျက်နှာက အတော်လေး အားနာနေတဲ့ ပုံပါ။
"ရပါတယ် သမီးရယ်။ ဒါနဲ့ ဒီထမင်းထုပ်က ဘာသွားလုပ်ဖို့လဲ"
"သမီး ညနေကြရင် စားဖို့ပါ"
ဆိုင်ရှင်အဖိုးကြီးက သူ့ကို ကရုဏာသက်တဲ့ မျက်လုံးနှင့် ကြည့်ပြီး "အင်း ကောင်မလေး ကြည့်ရတာ မြို့မှာသာ ကျောင်းလာတက်တယ်။ အိမ်က မိဘတွေက ငွေကြေးအခက်ခဲ ရှိပုံရတယ်" ဆိုပြီး စိတ်မကောင်း ဖြစ်နေတယ်။
အမှန်တကယ်တော့ သူတို့ လင်မယားကလည်း တနေ့လုပ် တနေ့စားပါ။ ဒီဆိုင်နေရာလေးကို သူများ ငှားပေးလို့သာ ကံကောင်းပြီး ဈေးရောင်းရတဲ့ ဘဝပါ။
မရှိသူမို့လည်း မရှိသူကို စာနာတတ်တဲ့ စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေ။ ဟင်းအိုးမှ ဟင်းတွေကို ခတ်ပြီး ထမင်းများနဲ့ သူဖုံးဖိပြီး ထည့်နေမိသည်။ ဒါကို မိန်းမဖြစ်သူက မြင်တော့ "ရှင်ဘာလုပ်နေတာလဲ" "ကောင်မလေးအတွက် ထမင်းထည့်ပေးနေတာလေ"
"အော် ရှင်ကလည်း တုံးလိုက်တာ။ ပေးချင်နေမှတော့ ဝှက်ပြီး ပေးစရာလား ဒီအတိုင်းပေးလည်း ရရဲ့သားနဲ့။ ဘာလဲ ရှင်က ကျွန်မ မြင်မှာ ကြောက်လို့လား။ ကြောက်စရာ မဟုတ်တာရှင် ကျွန်မလည်း စာနာထောက်ထား တတ်တဲ့ မိန်းမသား တယောက်ပါ"
"ဟာ ဒီမိန်းမ ဘာတွေ လာပြောနေတာလဲ။ ဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာ ရောက်သွားမှာပေါ့ဟ။ ပြီးတော့လည်း သူရှက်သွားရင် နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလဲ"
မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီး ပီတိဖြစ်မိသည်။ "အမလေး ငါ့ယောက်ျားက သနားတတ်ရုံ တမျိုးတည်း မဟုတ်ပဲ လူတယောက်ကို အဖက်ဖက်က စာနာစိတ်ကလည်း ကြီးမားပါလေရဲ့"
အဲဒီလိုနဲ့ပဲ ကောင်မလေးဟာ သူတို့ဆိုင်မှာလာပြီး ကျောင်းပြီးသည် အထိ ထမင်း လာစားခဲ့တယ်။ သူတို့ လင်မယားကလည်း တနေ့တမျိုး မရိုးလေအောင် ဟင်းအမျိုးမျိုးကို ထမင်းဖုံး၍ ပေးလေ့ ရှိခဲ့တယ်။ ကျောင်းပြီးသွားတော့ ကောင်မလေးက သူတို့ဆိုင်ကို ၁၀ နှစ် ကြာမျှတောင် တခါမှ ရောက်မလာတော့ပါ။
တနေ့တော့ မြေပိုင်ရှင်က မြေကို ရောင်းလိုက်ပြီ ဖြစ်ကြောင်း၊ ဒီနေရာက ရွေ့ပြောင်းရတော့မည် ဖြစ်ကြောင်း လာပြောသောအခါ လင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက် ဖြစ်ပြီး အိမ်မှာ ထိုင်မှိုင်နေကြစဉ်
သူတို့နေတဲ့ အိမ်နားသို့ ကားတစီးက လာ၍ ထိုးရပ်လာသည်။ လူတယောက်က ကားပေါ်မှ ဆင်းပြီး သူတို့ရှိရာ လျှောက်၍ လာသည်။
"ကျွန်တော်က ကုမ္မဏီတခုရဲ့ မန်နေဂျာတဦးပါခင်ဗျ။ ကျွန်တော့်သူဌေးမက အဒေါ်တို့ လင်မယားချက်တဲ့ ဟင်းကို အရမ်းကြိုက်တဲ့သူ တယောက်ပါ။ အဲဒါကြောင့်ကျွန်တော်တို့ ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆို ထားလို့ပါ"
လင်မယားနှစ်ယောက် အံ့အားသင့်သွားသည်။ သူတို့ ဆိုင်စုတ်စုတ်လေးမှာ ဘယ်လို သူဌေးကများ လာပြီးစားဖူးပါလိမ့်။ ပြီးတော့လည်း သူတို့မှာ ရှိတာက အိုးစုတ်ခွက်စုတ် တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင် သွားဖွင့်ရမှာ ဘယ်လိုမှ မဖြစ်နိုင်လို့ သူတို့ ငြင်းဆိုခဲ့တယ်။
"အဲဒီအတွက် မပူပါနဲ့ဗျာ။ ကျွန်တော့် သူဌေးမက အစစ အရာရာ ပြင်ဆင်ထားပြီးသားပါ။ သွားပြီး ချက်ပြုတ်ရုံ သက်သက်ပါ"
အဲဒီသူဌေးမက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက် ကောင်းနေရတာလဲ ဆိုတာ သူတို့ နားမလည်ခဲ့။ နောက်ဆုံးတော့ သူတို့အပေါ် ကောင်းတဲ့ သူဌေးမကြီးက တချိန်က သူတို့ဆီက ထမင်းထုပ် လုပ်ကျွေးခဲ့ဖူးတဲ့ ကျောင်းသူလေးမှန်း သိရပါတော့တယ်။
"ဦးနဲ့ အဒေါ်သာ ကျွန်မကို မကူညီပေးခဲ့ရင် ကျွန်မလည်း ဒီလိုဘဝမျိုး ရောက်လာမှာ မဟုတ်ပါဘူး။ အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ သမီး အရမ်းဝမ်းသာတယ်ရှင်။ လိုတာရှိရင် ပြောပါ ဘာမှ အားမနာကြပါနဲ့" စေတနာ ထားတတ်ရုံနဲ့ မလုံလောက်ပါဘူး။ အဖက်ဖက်က ကြည့်ပြီး စာနာမှုလည်း ထားတတ်ရပါမယ်။ kokhinmgwin
0 Comments