တခါက တောကြီးတခုမှာ ဆင်နဲ့ကြွက်တို့ မျက်နှာချင်းဆိုင် တွေ့ကြတယ်။ ဆင်က ကြွက်ကို လမ်းဖယ်ပေးဖို့ ပြောတယ်။ ကြွက်ကလည်း ဖယ်မပေးနိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။
အဲဒါနဲ့ ဆင်က ဒေါသထွက်ပြီး အနားမှာရှိတဲ့ သစ်ပင်ကို နှာမောင်းနဲ့ ရစ်ချိုးလိုက်ပြီး "ငါက မင်းထက် ပိုစွမ်းအားကြီးတယ် မင်းဖယ်ပေးပါ" လို့ ပြောလိုက်တယ်။
ထိုအခါ ကြွက်ကလည်း အနီးမှာရှိတဲ့ သစ်ကိုင်းအဖျားကို ဖျက်ကနဲ လျှင်မြန်စွာ တက်သွားလိုက်ပြီး "ငါကမှ မင်းထက် ပိုစွမ်းတာ မင်းဖယ်ပေး" လို့ ပြန်ပြော လိုက်တယ်။
အဲဒါနဲ့ပဲ အစွမ်း ထပ်ပြိုင်ကြမယ် ဆိုပြီး အပြေးပြိုင်ကြဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ အပြေးပြိုင် ကြရာမှာ ဆင်နဲ့ ကြွက်တို့ဟာ ပန်းတိုင်ကိုလည်း အတူတူပဲ ဝင်ခဲ့ကြတယ်။
အဲဒီမှာဆင်က "မင်းလို ကြွက်စုတ်နဲ့ အပြေးပြိုင်ရတာ မတန်ပါဘူးကွာ။ အခုဆို မင်းနဲ့ အပြေးပြိုင်ရင်း သစ်ကိုင်းနဲ့ မလွတ်လို့ ငါ့ကျောပြင်မှာ တထွာလောက် ပြဲသွားပြီ" လို့ ဒေါသတကြီး ပြောလိုက်တယ်။
ကြွက်ကလည်း အားကျမခံ ပြန်ပြောတာပေါ့။ "ဒီမှာမောင်ဆင် မင်းကမှ တထွာလောက် ပြဲတာ ငါဆို ဆူးနဲ့ ခြစ်မိလို့ ငါ့ကျောပြင်မှာ တတောင်လောက် ပြဲသွားပြီကွ" တဲ့။
ကြွက်ရဲ့စကားလည်း ကြားရော ဆင်က ပိုပြီး ဒေါသ ထွက်သွားတယ်။ "ငါလို ဆင်တောင် တထွာပဲပြဲတာ မင်းလို ကြွက်စုတ်သေးသေးလေးက ဘယ်လိုလုပ်ပြီး တတောင်လောက် ပြဲမှာလဲ။ မဖြစ်နိုင်တာ မပြောနဲ့" လို့လည်း ပြောတယ်။
ထိုအခါ ကြွက်က အားရပါးရ ရယ်ပြီး ပြန်ပြောလိုက်တယ်။ "မင်းလဲ မင်းလက်နဲ့ ထွာတဲ့ တထွာ၊ ငါလဲ ငါ့လက်နဲ့ တိုင်းတဲ့ တတောင် ပေါ့ကွ" တဲ့။ အဲဒီက စပြီး ဒီနေ့အချိန်ထိ အတိုင်းအထွာဆိုတဲ့ စကားကို သုံးလာကြ ပါတော့တယ်။
ဒီလိုပါပဲ လူ့လောက လူ့ပတ်ဝန်းကျင်မှာလဲ လူတိုင်းဟာ သူ့အတိုင်းအထွာနဲ့သူ ရှိနေကြတာ ပါပဲ။ လူတိုင်းကို ကိုယ်နဲ့ လိုက်တိုင်းထွာနေလို့ မရပါဘူး။ ကိုယ့်ထက် ညံ့သူရှိသလို ကိုယ့်ထက် တော်တဲ့သူလဲ ရှိမယ်။
ကိုယ့်လောက် အင်အားမရှိသူကို ဖိနှိပ်မယ် ဆိုရင် ကိုယ့်ထက် အင်အားကြီးတဲ့သူရဲ့ ဖိနှိပ်ခြင်းကို ခံရမယ် ဆိုတာလည်း သတိထားပြီး စာနာ နားလည်ပေးလိုက်ပါ။ ကိုယ်က တပေ ရှိတဲ့ ပေတံကို ကိုင်ထားပြီး ခြောက်လက်မပေတံ ကိုင်ထားသူကို ဒီကောင် ပေမပြည့်ပါဘူးကွာလို့ ပြောရင် ကိုက်တံ ကိုင်ထားသူကရော ကိုယ့်ကို ဘာပြောမလဲဆိုတာ စဉ်းစားပါ။
ဒါကြောင့် လူတိုင်းလူတိုင်းဟာ သူ့အတိုင်း အထွာနဲ့သူ ရှိကြတာ ဖြစ်လို့ ကိုယ်လျှောက်လှမ်းမယ့် ဘဝခရီးမှာ ပေတံကြီး ကိုင်ထားပြီး သူများကို လျှောက်တိုင်းထွာ နေမယ့်အစား ကိုယ့်ဘဝခရီး ဖြောင့်တန်းအောင်ပဲ အဲ့ဒီပေတံကို အသုံးပြုပြီး ကြိုးစားရှေ့ဆက်ကြပါစို့။ Crd
0 Comments