မှန်တိုင်းလည်း မပြောသင့်

ဟိုးရှေးရှေးတုန်းက မြို့တမြို့မှာ ကြက်တူရွေး ချစ်တတ်တဲ့ ပုဏ္ဏားကြီးတယောက် ရှိတယ်။ သူ့ဆီမှာ အင်မတန်မှ ချစ်စရာ ကောင်းပြီး စကား အလွန်တတ်တဲ့ ကြက်တူရွေးလေး နှစ်ကောင် ရှိသတဲ့။

ပုဏ္ဏားကြီးဟာ ကြက်တူရွေးလေး ၂ ကောင်ကို အင်မတန်မှ ချစ်မြတ်နိုးတာကြောင့် သားသမီးအရင်းပမာ ဆက်ဆံတယ်။

တနေ့တော့ ပုဏ္ဏားကြီးဟာ တခြားမြို့ တမြို့ကို အလုပ်ကိစ္စနဲ့ ညအိပ် ခရီးထွက်ဖို့ အကြောင်း ပေါ်လာတယ်။ ပုဏ္ဏားကြီးဟာ ခရီးထွက်ခါနီးမှာ ကြက်တူရွေး ညီနောင်အား ပုဏ္ဏားမကြီးကို စောင့်ကြည့်ဖို့ မှာကြားခဲ့တယ်။

အဲဒီလိုနဲ့ ပုဏ္ဏားကြီး ခရီးထွက်သွားပြီး မကြာခင်မှာ ပုဏ္ဏားမကြီးဟာ သူ့ရဲ့ လင်ငယ်နဲ့ ဖောက်ပြန် ပါတော့ တယ်။ ဒီအကြောင်းကို သိတဲ့ ကြက်တူရွေးညီနောင် ထဲမှ အငယ်ကောင်က

"သခင်မကြီး သင်သည် ပုဏ္ဏားကြီး ပေါ်တွင်သစ္စာဖောက် လေပြီ။ ဤအကြောင်းအား ပုဏ္ဏားကြီး ပြန်လာက ငါတိုင်လတ္တံ" လို့ ပုဏ္ဏားမကြီးကို လှမ်းပြောတယ်။

ထိုအခါပုဏ္ဏားမကြီးက "အို ချစ်သား သင်သည် စကားတတ်လှ ပေသည်" ဟု ချော့မြူကာ ဖမ်းယူသတ်ဖြတ် လိုက်တော့သည်။ ထို့နောက် ပုဏ္ဏားမကြီးက ကျန်ရှိသော ကြက်တူရွေးအား "သင်ရော ဘာမြင်သနည်း" ဟု မေးလေသည်။

ထိုအခါ ကြက်တူရွေးက စကားတခွန်းမှ မဆိုပဲ နှုတ်ဆိတ်၍သာ နေလေသည်။ ထို့ကြောင့် ပုဏ္ဏားမကြီးက ဤအကောင်သည်ကား အသိဉာဏ် နည်းပါးသော တိရိစ္ဆာန်သာ ဖြစ်ပေလိမ့်မည် ဟု ဆိုကာ ထွက်ခွာသွားသည်။

နောက်တနေ့ ပုဏ္ဏားကြီး ပြန်ရောက်သောအခါ ကြက်တူရွေး ၂ ကောင် အနက် ၁ ကောင်သာ တွေ့မြင်ရသဖြင့် မေးမြန်းလေရာ ကြက်တူရွေးက

"သခင်ပုဏ္ဏားကြီး ကျွန်ုပ်၏ ညီငယ်သည် မှန်သော စကားအား အချိန်အခါ မသင့်ပါပဲ ပြောဆို မိသောကြောင့် သေဘေးနှင့် ကြုံတွေ့ခဲ့ရပေပြီ။

ကျွန်ုပ်သည်ကား တိတ်ဆိတ်စွာပင် ရှင်သန် နေထိုင်လို၏။ ထို့ကြောင့် သခင်ပုဏ္ဏားကြီး ကျွန်ုပ်အား မေးမြန်းခြင်း တစုံတရာ မပြုပါနှင့်" လို့ ပြောကာ တိတ်ဆိတ်စွာ နေထိုင်သွား လေတော့သတဲ့။ နန္ဒသိန်းဇံ

Post a Comment

0 Comments