မိမိ၏ ဇနီးသည်ထက် အဆပေါင်းများစွာ ချောမောလှပသူကို မြင်တွေ့နေပါစေ၊ Sexy တွေ ကျနေစမ်း ပါစေ၊ အီစီကလီတွေ လာထုနေပါစေ၊ ဘယ်လိုပင် ဟန်ရေး လာပြနေပါစေ ဦးတော့ ကိုယ့်ဇနီးသည်က လွဲရင် ကျန်တဲ့ မိန်းခလေးများကို ဖုတ်လေတဲ့ ငါးပိ ရှိတယ် လို့တောင် မထင်တတ်ပါ။
မိမိ၏ ဇနီးသည်ကိုသာ ဂရုစိုက် ကြင်နာလေ့ ရှိတတ်ကြပြီး အခြားသော မိန်းခလေးများနှင့် ခပ်ခွာခွာ ခပ်တန်းတန်းသာ နေလေ့ရှိကြပါတယ်။
စကားပြောဆို ဆက်ဆံရာမှာလည်း လိုအပ်သည်ထက် ရောရောနှောနှော ပြောဆို ဆက်ဆံခြင်း၊ ဟိုပုတ် ဒီပုတ် အသားယူခြင်းမျိုး မရှိကြပါဘူး။
မိမိရဲ့ ချွေးစက်တွေနဲ့ မိသားစုရဲ့ စားဝတ်နေရေး အတွက် ဖန်တီးပေးရသော်လည်း ငြိုငြင်ခြင်း မရှိ၊ ငြူစူခြင်း မရှိ၊ စောင်းမြောင်းခြင်း မရှိ။ စေတနာ စွမ်းအားကြောင့် ပီတိတွေ ဖြာနေတတ် ကြတယ်။
ကိုယ့် ဇနီးသည်ကို မျက်ရည်ကျအောင် ရင်ထဲ နှလုံးသားထဲ နာကျင်သွားအောင် ဘယ်သောခါမှ ပြောလေ့ မရှိ။ လုပ်လေ့မရှိပါ။ အိမ်ထောင်သက် ကြာလာသော်ငြား ကြင်နာ နွေးထွေးသော အရိပ်အယောင်များ သက်ဆုံးတိုင် ပျောက်ကွယ် မသွားတတ်။
ဇနီးသည်ရဲ့ အကြိုက်ကို သိတယ်။ ဇနီးသည်ရဲ့ အကြည့်ကို သိတယ်။ ဇနီးသည်ရဲ့ အမှားကို ဒေါသနှင့် မပြုပြင်၊ မေတ္တာနဲ့သာ ပြုပြင်ပေးလေ့ ရှိပါတယ်။
ဇနီးသည်ရဲ့ ကွယ်ရာ ရောက်နေပါစေ သစ္စာတရားကို နှလုံးသားထဲ ထည့်ထားတတ် ကြတယ်။ ဇနီးသည် နာမကျန်းဖြစ်တဲ့အခါ သနားကြင်နာစွာနဲ့ ယုယုယယ ပြုစုပေးတတ်ကြတယ်။
Messenger မှ အခြားသော မိန်းခလေးတွေ စာလာ Chat ရင် ပြန်မ Chat ပဲ ကိုယ့်ဇနီးကို လာပြကြတယ်။ ဘယ်ဖုန်းလာလာ Speaker ဖွင့်ပြောရဲတယ်။ ဖုန်း Password ကိုလည်း ပြောပြထားတယ်။
မိမိ မိသားစု ပျော်ရွှင်ငြိမ်းချမ်းမှုကိုသာ အရေးပေးလေ့ ရှိတတ်ပြီး ပြင်ပတွင် အပျော်ရှာခြင်းမျိုးကို နှစ်သက်လေ့မရှိ။ အနာဂတ် ရည်မှန်းချက်ထဲမှာ မိသားစု ကမ္ဘာလေး သာယာလှပ အေးချမ်းနေဖို့သာ အဓိက ထားပါတယ်။
မိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမ အောက်မှာ နေထိုင်လေ့ရှိပြီး မိသားစုကိုပါ လက်တွဲခေါ်သူဖြစ်တယ်။ သို့မှသာ အိမ်ဦးနတ် အစစ် ဖြစ်တယ်။
အိမ်ဦးနတ် နာမည်ခံထိုက်တယ်။ အိမ်ဦးနတ်လို့ ခေါ်ထိုက်တယ်။ အလကားနေ မယားယူ၊ သားသမီးမွေးပြီး နေနေတိုင်း အိမ်ဦးနတ်လို့ အမည် မတွင်ပါဘူး။ May Htut Khaung
0 Comments